ရခိုင်ပြည်နယ်မှ ပါတီတခုကို မှတ်ပုံ တင်ခွင့် ပြုလိုက်ပြီ

ရခိုင်ပြည်နယ်မှ ပါတီတခုကို မှတ်ပုံ တင်ခွင့် ပြုလိုက်ပြီ
by -
မင်းဆက်ခိုင်
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပါတီ မှတ်ပုံတင်ခွင့် ရရန် လျှောက်ထားသည့် ပါတီများထဲမှ ရခိုင်ပြည်နယ်မှ နိုင်ငံရေး ပါတီတခုကို ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့် ပြုလိုက်ပြီ....

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပါတီ မှတ်ပုံတင်ခွင့် ရရန် လျှောက်ထားသည့် ပါတီများထဲမှ ရခိုင်ပြည်နယ်မှ နိုင်ငံရေး ပါတီတခုကို ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့် ပြုလိုက်ပြီ ဖြစ်သည်။

အဆိုပါ ပါတီမှာ မြို (ခေါ်) ခမီ အမျိုးသား ညီညွတ်ရေး အဖွဲ့(မ.ခ.မ.ည.ဖ) ဖြစ်ပြီး ဧပြီလ ၂၈ ရက်နေ့က နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့် ပြုလိုက်ခြင်းဖြစ်သည်။

အဆိုပါ ပါတီ၏ ရုံးချုပ်ကို ရခိုင်ပြည်နယ် ကျောက်တော်မြို့ ပြည်တော်သာ ရပ်ကွက် စာတိုက်လမ်း တွင် ဖွင့်လှစ်ထာကြောင်း သိရသည်။

ကျောက်တော်မြို့ခံတဦးကို အဆိုပါ ပါတီ၏ လူပ်ရှားမူကို မေးကြည့်ရာ သူက ယခုကဲ့သို့ ပြောသည်။

“ ပါတီရုံး ဖွင့်ထားတာကိုတော့ တွေ့ရပါတယ်။ တခါတခါ အစည်းအဝေး လုပ်ကြတာတွေကိုလည်း တွေ့ရ ပါတယ်။ ဒါပေမယ့် စည်းရုံးရေးဆင်းတာတို့၊ လူထုကြားထံ ဆင်းပီး ကျယ်ကျယ်ပြန့်ပြန့် မဲဆွယ် စည်းရုံးတာတွေကိုတော့ မတွေ့ရသေးပါဘူး။”

မ.ခ.မ.ည.ဖ ပါတီ၏ ဥက္ကဌမှာ ဦးစံသာအောင်၊ ဒု-ဥက္ကဌ ဦးကျော်ထွန်းခိုင်၊ ဦးအေးဟောင်နှင့် အထွေထွေ အတွင်းရေးမှူးမှာ ဦးလာဘွေး ဖြစ်ကြသည်။ အဖွဲ့တွင် ကော်မီတီဝင် ၃၀ခန့် ပါ၀င်ပြီး အများစုမှာ ၉၀ ရွေးကောက်ပွဲတွင် ပါဝင်ခဲ့သူများ ဖြစ်ကြောင်း သိရသည်။

မ.ခ.မ.ည.ဖ ပါတီသည် ၁၉၉၀ ရွှေးကောက်ပွဲတွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ အမတ်တနေရာ ရရှိခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် စတင်ကျင်းပသော နအဖ အမျိုးသား ညီလာခံသို့ တက်ရောက်ခဲ့ပြီး နအဖ၏ လမ်းပြ မြေပုံ ရ ချက်ကို ထောက်ခံခဲ့သည့် ပါတီ ဖြစ်သည်။

ဧပြီလ ၂၈ ရက်နေ့ကလည်း ရခိုင်ပြည်နယ်မှ နောက်ထပ်ပါတီ တခုဖြစ်သော ရခိုင်ပြည်နယ် အမျိုးသား အင်အားစု (မြန်မာနိုင်ငံ)သည် ပါတီမှတ်ပုံတင်ရန် ရွေးကောက်ပွဲ ကော်မရှင်သို့ လာရောက် လျှောက်ထားခဲ့သည်ဟု သိရသည်။

ယခုအခါတွင် ရွေးကောက်ပွဲ ကော်မရှင်သို့ နိုင်ငံရေးပါတီ တည်ထောင်ခွင့်လျှောက်ထားသည့်အဖွဲ့ ၂၂ ဖွဲ့ရှိပြီး ထိုအထဲမှ အဖွဲ့ ၆ ဖွဲ့ကို နိုင်ငံရေး ပါတီတည်ထောင်ခွင့် ပြုလိုက်ပြီး ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသည်။

Most read this week