အပစ်ရပ်အဖွဲ့များ ထိန်းချုပ်ရာဒေသမှ ရွာသားများ ထိုင်းနယ်စပ်သို့ ထွက်လာနေ

အပစ်ရပ်အဖွဲ့များ ထိန်းချုပ်ရာဒေသမှ ရွာသားများ ထိုင်းနယ်စပ်သို့ ထွက်လာနေ
by -
ဇော်ကြီး
နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် လက်မခံသည့် အပစ်ရပ်အဖွဲ့များ၏ ထိန်းချုပ်ရာနယ်မြေရှိ ဒေသခံများ သည် တိုက်ပွဲဖြစ်ပွားမည်စိုးရိမ်သဖြင့် ထိုင်းနယ်စပ် အနီးသို့ ကြိုတင် ထွက်ပြေး....

နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် လက်မခံသည့် အပစ်ရပ်အဖွဲ့များ၏ ထိန်းချုပ်ရာနယ်မြေရှိ ဒေသခံများ သည် တိုက်ပွဲဖြစ်ပွားမည်စိုးရိမ်သဖြင့် ထိုင်းနယ်စပ် အနီးသို့ ကြိုတင် ထွက်ပြေး တိမ်းရှောင်နေကြသည်။

ယခုပတ်အတွင်း ထိုင်းမြန်မာနယ်စပ် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်နယ်မြေ အ တွင်းရှိ ဒေသခံရွာသားများ တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ကြပြီး ထိုင်းမြန်မာနယ်စပ်အနီး သို့ ကြိုတင်တိ်မ်းရှောင် ထွက်ပြေးလာကြသည်။  

သံလွင်မြစ်အရှေ့ဖက်ခြမ်းရှိ မိုင်းတုံ၊ မိုင်းဆတ်ဒေသတဝိုက်ရှိ ကျေးရွာသားများက နအဖ တပ်နှင့် ၀တပ်ဖွဲ့များ ကြား တိုက်ပွဲ ဖြစ်ပွားမည်စိုး၍ နယ်စပ်ဒေသဘက်သို့ ထွက်ခွာနေကြပြီး အချို့မှာ တောတောင်များထဲတွင် ပုန် အောင်းနေကြသည်ဟု ထိုင်းမြန်မာနယ်စပ် နောင်အုပ်မြို့မှ ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“အခုက တိုက်ပွဲတော့ မဖြစ်သေးဘူး။ ဒါပေမယ့် ဖြစ်မယ်ဖြစ်မယ်လို့ သတင်းက ပေါက်ကြား နေတယ် ။ အဲဒါကြောင့် အဲဒီမိုင်းတုံအောက်ဖက်က ကျနော်တို့ ထိုင်းနယ်စပ် BP 1 ဖက်က ပြည်သူတွေဟာ ဆန်တွေ တောထဲမှာ ဖွက်ထားတယ်တဲ့။ အမျိုးသမီးတွေနဲ့ ခလေးတွေ နယ်စပ်မှာရောက်နေပြီ။ တချို့ ဟာ ကျနော်တို့ ရွာထဲမှာတောင်မှ နည်းနည်းပါးပါးဝင်လာပြီ။”

မြန်မာစစ်အစိုးရနှင့် UWSA တပ်ဖွဲ့တို့ အပစ်ခတ်ရပ်စဲရေးပြုလုပ်ပြီးနောက်ပိုင်း သံလွင်မြစ်အရှေ့ဘက်ခြမ်းဒေသ များတွင် (၀) ကျေးရွာ ပိုမိုများပြားလာပြီး ထိုကျေးရွာ များမှ ရွာသားများ နယ်စပ်သို့ထွက်လာကြခြင်းဖြစ်သည်။

မိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းကျွတ် ဒေသမှ စစ်အစိုးရတပ်မ ၂ ခုခန့် UWSA ထိန်းချုပ်ရာ တောင်ဘက်ခြမ်းသို့ ထွက် ခွာသွားသည်ဟု သတင်းရကြောင်းနှင့် UWSA တပ်ဖွဲ့ အနေနှင့် လည်း စစ်ရေးပြင်ဆင်မှုများရှိနေသည်ဟု ကြား သိရကြောင်း ၎င်းကဆက်ပြောသည်။

ထို့အတူ ပုံပါကျင်၊ နားကောင်းမူးဒေသရှိ ရွာသားများသည်လည်း တိုက်ပွဲဖြစ်ပွားမည်စိုး၍ ထိုင်းနယ်စပ်အနီးသို့ ပြောင်းရွှေ့လာကြသည်ဟု အခြားဒေသခံတစ်ဦးက ယခုလို ပြောသည်။

“၀ပြည်သူလူထုတော့ ရွာထဲမှာမနေတော့ဘူး။ အခုက အပြင်မှာထွက်သွားပြီ။ ထွက်သွားပြီ ဆိုတာက ရွာအပြင်ဖက် လျှိုတွေ၊ တောတွေထဲကိုထွက်သွားတာ။ တချို့တွေဆိုရင် ကျနော်တို့နဲ့ အနီးအနားမှာ ရောက်နေကြပြီ။ ဒီဖက်ကိုလာဖို့ ငါးဆယ်ရာနှုန်းလောက် သေချာနေပြီ။”

အလားတူ မြန်မာပြည်တောင်ဖက် ရေးမြို့နယ်အတွင်း မွန်ပြည်သစ်ပါတီဌာနချုပ် တဝိုက်ရှိ ကျေးရွာများမှ အမျိုး သမီးနှင့်ကလေးငယ်များသည်လည်း နယ်စပ်ဒေသများသို့ ထွက်ခွာနေကြသည်ဟု ဟလော့ခနီကျေးရွာ သို့ ရောက်ရှိခဲ့သူတစ်ဦးက ၎င်းမြင်တွေ့ခဲ့ပုံကို ယခုလိုပြောသည်။

“မွန်ပြည်သစ်ပါတီဗဟို အခြေစိုက်တဲ့ ကျေးရွာတွေပေ့ါနော်။ သုဝဏ္ဏဘုမ္မိ၊ ကျိုးဟပ်ပရောက့်၊ ချိုင့်ဒိုက် အဲ့ဒီဖက်ကနေပြီးတော့ မိန်ခလေးတွေနဲ့ ခလေးတွေအများစုပဲ ထွက်လာကြတာ။ အိမ်ထောင်ဦးစီးတွေ သိပ်မပါဘူး။ မနေ့ကဆိုရင် ၅၀ ၀န်းကျင်လောက် နယ်စပ်က ဟလော့ခနီကျေးရွာကိုရောက်လာတယ်။ ဒုက္ခသည်တွေကို အဲဒီဟလော့ခနီ ကျေးရွာ အလယ်တန်းကျောင်းပေါ်မှာထားထားတယ်။”

ထိုသို့ရောက်လာသူအများစုမှာ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအများစုဖြစ်ပြီး မွန်နှင့် ထားဝယ် လူမျိုးများဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ထိုင်းနယ်စပ်အာဏာပိုင်များက နယ်စပ်ဖြတ်ကျော်မှုကို တင်းကျပ်စွာ စစ်ဆေးနေရာ ထွက် ပြေးလာသူများ ထိုင်းနိုင်ငံအတွင်း ၀င်ရောက် မလာနိုင်သည့်အတွက် မွန်ဒုက္ခသည်ကူညီရေးအဖွဲ့နှင့် ထိုင်းမြန်မာ နယ်စပ််ကူညီစောင့်ရှောက်ရေးညွန့်ပေါင်းအဖွဲ့ TBBC တို့မှ ယမန်နေ့က ယင်းကျေးရွာသို့ သွားရောက်ကူညီပေး ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

“အခုက နယ်စပ်ဂိတ်တွေက တော်တော်တင်းကျပ်နေတယ်။ အထုတ်နဲ့ အပိုးနဲ့ လာတဲ့ သူတွေကို အ ၀င်မခံဘူး။ စခန်းထဲကနေ ဟလော့ခနီဖက်ကို စျေးသွားဝယ်ရင် ဒုက္ခသည် လက်မှတ် ယူသွားရတယ်။ ပြန်တက်လာရင် အဲဒီဒုက္ခသည်လက်မှတ်ပြန်ပြရတယ်။ လက်မှတ်မရှိတဲ့သူ အဝင်မခံဖူး။ ဒီနေ့က သောကြာနေ့ဆိုတော့ နယ်စပ်လမ်း ဖွင့်တယ်လေ။ ထိုင်းဘတ်(မှတ်ပုံတင်)ရှိတဲ့ သူတွေနဲ့ ဒုက္ခသည် လက်မှတ်ရှိတဲ့ သူတွေကိုတော့ ပြန်ဝင်ခွင့် ပေးတယ်လေ။”

မြန်မာစစ်အစိုးရက အပစ်ခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးယူထားသည့်အဖွဲ့များအား နယ်ခြားစောင့်တပ်ဖွဲ့ အသွင် ပြောင်းရန် လက်မခံပါက မတရားအသင်း ကြေငြာမည်ဟု ပြောဆိုထားသည်။

ထိုကိစ္စအပေါ် အပစ်ရပ်အဖွဲ့များကလည်း လက်မခံနိုင်သည့်အတွက် မြန်မာစစ်အစိုးရမှ စစ်ရေးနည်းအရ ဖြေရှင်း လာမည်ကို ဒေသခံလူထုများက စိုးရိမ်နေကြသည်။

၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၊ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့၊ အမျိုးသား ဒီမိုကရက်တစ် မဟာ မိတ်တပ်မတော်နှင့် မွန်ပြည်သစ်ပါတီတို့သည် နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းရေးကို ဆက်လက်ငြင်းဆန် ထားဆဲဖြစ်ပြီး စစ်အစိုးရထံ ယခုလ ၂၈ ရက်နေ့ နောက်ဆုံးထား အကြောင်းပြန်ရမည်ဖြစ်သည်။

Most read this week