စစ်တွေတွင် အမျိုးသမီးများက လျှပ်စစ်မီး ရရှိရေး တောင်းဆို ဆန္ဒပြ

စစ်တွေတွင် အမျိုးသမီးများက လျှပ်စစ်မီး ရရှိရေး တောင်းဆို ဆန္ဒပြ
စစ်တွေမြို့ ကုန်တန်းရပ်ကွက်မှ အမျိုးသမီး ၃၀၀ ကျော်ခန့်သည် ဧပြီလ ၂၁ ရက်နေ့က လျှပ်စစ်မီး ရရှိရေးအတွက် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်ဟု သတင်း...

စစ်တွေမြို့ ကုန်တန်းရပ်ကွက်မှ အမျိုးသမီး ၃၀၀ ကျော်ခန့်သည် ဧပြီလ ၂၁ ရက်နေ့က လျှပ်စစ်မီး ရရှိရေးအတွက် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်ဟု သတင်း ရရှိသည်။

အမည်မဖေါ်လိုသူ အမျိုးသား တဦးက “ အမျိုးသမီး ၃၀၀ ကျော်ခန့် ပါတယ်လို့သိရပါတယ်။ သူတို့ရပ်ကွက်မှာ မီးမလာတာ တလကျော်နေပြီ ဖြစ်တဲ့အတွက် ဒါကို သည်းမခံနိုင်တာကြောင့် လမ်းပေါ်ထွက် ဆန္ဒ ပြကြတာ ဖြစ်ပါတယ်” ဟု ပြောသည်။

အမျိုးသမီးများသည် တအိမ်မှ တယောက်ကျ ထွက်ကာ ရပ်ကွက် ရယကရုံးထိ ချီတက်ပြီး လျှပ်စစ်မီး ပုံမှန်ရရှိရေးအတွက် တောင်းဆို ခဲ့ကြကြောင်းကို အမျိုးသမီး တဦးက ယခုကဲ့သို့ ပြောသည်။

“ကျွန်မတို့ရပ်ကွက်မှာ စစ်အစိုးရာ အာဏာပိုင်တွေက ဖွဲမီးစက်တလုံးကို တည်ပီး ရပ်ကွက်ကို မီးပေးခိုင်းပါတယ်။ ဒါပေမယ့် မီးက မလာပါဘူး။ မီးမလာတာ တလကျော်လာတော့ ကျွန်မတို့လည်း သည်းမခံနိုင်တော့ဘဲ လမ်းပေါ်ထွက်ပြီး လျှပ်စစ်မီး ရရှိရေးအတွက် တောင်းဆို ဆန္ဒပြရတာ ဖြစ်ပါတယ်။ ခုလို ဆန္ဒပြလိုက်တဲ့ အတွက် မနေ့က စပီးတော့ လျှပ်စစ်မီး လာပါပြီ။”

နအဖစစ်အစိုးရ အာဏာပိုင်များသည် စစ်တွေမြို့တွင် လျှပ်စစ်မီးကို ပုံမှန် မပေးနိုင်သဖြင့် တချို့ရပ်ကွက်များတွင် သူတို့နှင့် ရင်းနှီးသူ စီးပွားရေးသမားများကို စပါးခွံသုံး ဖွဲမီးစက်များကို တည်ဆောက် ခိုင်းကာ လျှပ်စစ်မီး ပေးဝေနေသည်ဟု သိရသည်။

ထိုသို့ ပေးဝေရာတွင် စစ်တွေမှ ကုန်တန်းရပ်ကွက်လည်း ပါ၀င်သည်။

Sittwe-wood

“ဖွဲခွံသုံး မီးစက်ကပေးတဲ့ မီးက ကြက်ဥလုံးလောက်သာ ရှိပြီး လင်းလည်း မလင်းပါဘူး။ ဒါကိုတောင် တလလုံးလုံး မပေးဘဲထားတာ ဖြစ်ပါတယ်။ ခုလို ကျွန်မတို့ ရပ်ကွက်ကို လစ်လျူရှု့ထားတာကြောင့် လူတွေ ဒေါသ ပေါက်ကွဲပြီး ရယကရုံးကို သွားရောက်ပီး ဆန္ဒပြခဲ့ကြရတာ ဖြစ်ပါတယ်” ဟု သူမက ဆက်ပြောသည်။

စစ်အစိုးရ အာဏာပိုင်များ အနေဖြင့် ဆန္ဒပြသူ အမျိုးသမီးများကို တစုံတရာ ဖမ်းဆီးခြင်း မရှိသည့် အပြင် နောက်တနေ့တွင် ကုန်တန်း ရပ်ကွက်တွင် လျှပ်စစ်မီးကို စတင် ဖြန့်ဖြူး ပေးခဲ့သည်ဟု သိရသည်။

နအဖ စစ်အစိုးရသည် ရခိုင်ပြည်နယ်မှ ထွက်သော ဂတ်စ်အား တရုတ်နိုင်ငံသို့ ရောင်းစားထားပြီး အဆိုပါ ဂတ်စ်ဖြင့် ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီး ရရှိအောင် စီစဉ် ဆောင်ရွက်ပေးခြင်း တစုံတရာ မရှိသဖြင့် စစ်တွေ အပါအဝင် ရခိုင်ပြည်နယ်မှ မြို့များတွင် တနေ့ လျှပ်စစ်မီး ၂ နာရီသာ ရရှိသည်။

သို့သော်လည်း နအဖ စစ်အစိုးရသည် သူတို့လက်ထက်တွင် ရခိုင်ပြည်နယ်မှာ မကြံုဖူးအောင် တိုးတက်လာခဲ့သည်ဟု ပြောဆိုနေသည်။

Most read this week