ရွေးကောက်ပွဲ ကော်မရှင်က အဖွဲ့ (၂) ဖွဲ့ကို နိုင်ငံရေးပါတီ အဖြစ် တည်ထောင်ခွင့် ပြုလိုက်ပြီ

ရွေးကောက်ပွဲ ကော်မရှင်က အဖွဲ့ (၂) ဖွဲ့ကို နိုင်ငံရေးပါတီ အဖြစ် တည်ထောင်ခွင့် ပြုလိုက်ပြီ
by -
စံလင်း
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် အဖွဲ့ ၁၆ ခုမှ အဖွဲ့နှစ်ဖွဲ့ကို ပါတီ တည်ထောင်ခွင့် ပြုလိုက် ဖြစ်ကြောင်း...

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် အဖွဲ့ ၁၆ ခုမှ အဖွဲ့နှစ်ဖွဲ့ကို ပါတီ တည်ထောင်ခွင့် ပြုလိုက် ဖြစ်ကြောင်း သိရသည်။

ခွင့်ပြုချက်ရသော ပါတီနှစ်ခုမှာ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် တို့ဖြစ်ပြီး ဧပြီ ၂၂ ရက်တွင် ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ပါတီတည်ထောင်ခွင့်ရရှိသော အဖွဲ့နှစ်ခုသည် ခွင့်ပြုချက်ရသည့် နေ့မှ စ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ (၇) နှင့် အညီ ကော်မရှင်သို့ နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်ပေးပါရန် ဆက်လက် လျှောက်ထားရမည် ဖြစ်သည်ဟု သိရသည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အပြီးတွင် နအဖ စစ်အစိုးရမှ မဖျက်သိမ်းဘဲ ထားခဲ့သော ပါတီ ၁၀ ခု သာရှိခဲ့သည်။ ယင်းပါတီ ၁၀ခု အနက် ရွေးကောက်ပွဲ ကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်ခွင့် ပြုရန် ပါတီ (၃) ခုကသာ လျှောက်ထားခဲ့သည်။

အသစ်လာရောက် လျှောက်ထားသော ပါတီ ၁၆ခုနှင့် ဆက်လက် ပါတီ တည်ထောင်ခွင့် လျှောက်ထားသော ပါတီ ၃ ခု စုစုပေါင်း ပါတီ ၁၉ ခုသာ ယခု အချိန်ထိ ရွှေးကောက်ပွဲ ကော်မရှင်တွင် နိုင်ငံရေး ပါတီ အဖြစ် တည်ထောင်ခွင့် လျှောက်ထားခဲ့သည်။

အဆိုပါ အဖွဲ့များမှာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ၊ ကရင် အမျိုးသားများ အဖွဲချုပ် ပါတီ၊ မြို့(ခေါ်)ခမိ အမျိုးသားညီညွတ်ရေးအဖွဲ့ (မ-ခ-မ-ည-ဖ)၊ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်၊ ဒီမိုကရတ်တစ် ပါတီ(မြန်မာ)၊ ကရင်ပြည်သူ့ ပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်၊ ပအိုဝ်း အမျိုး သားအဖွဲ့ချုပ်(PNO)၊ ကချင်ပြည်နယ် တိုးတက်ရေး ပါတီ၊ မြန်မာ့ လူဘောင်သစ် ဒီမိုကရစ်ပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ၊ ခေတ်သစ် ပြည်သူ့ ပါတီ၊ ချင်းအမျိုးသားပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ တအာင်း(ပလောင်) အမျိုးသား ပါတီ၊ ဝံသာနု NLD (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီနှင့် “ဝ” ဒီမိုကရက်တစ် ပါတီ တို့ဖြစ်ကြသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ၂၀၁၀ခုနှစ် မတ်လ ၈ ရက်နေ့တွင် ဥပဒေအမှတ် (၂/၂၀၁၀)ဖြင့် ပြဌာန်း ထုတ်ပြန်ခဲ့ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နောက်ဆုံးနေ့ရက်သည် ၂၀၁၀ ခုနှစ် မေလ ၆ ရက်နေ့ ဖြစ်သည်ဟု ဥပဒေအမှတ် (၁၈/၂၀၁၀) ဖြင့် စစ်အစိုးရမှ ပြဌာန်း ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်မှ နိုင်ငံရေး ပါတီများ ရွှေးကောက်ပွဲကော်မရှင်တွင် ပါတီ မှတ်ပုံတင်မည့် သတင်းများ ထွက်ပေါ်နေသော်လည်း ယခုအချိန်ထိ ရခိုင်ပြည်သူ့ ကိုယ်စားပြု အဖွဲ့အစည်း တခုမှ မှတ်ပုံတင် လျှောက်ထားခြင်း မရှိသေးကြောင်း သိရသည်။

Most read this week