နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အကြောင်းပြန်ရန် ရက်နီးကပ်သဖြင့် ရွာသားများ စိုးရိမ်နေ

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အကြောင်းပြန်ရန် ရက်နီးကပ်သဖြင့် ရွာသားများ စိုးရိမ်နေ
by -
ဇော်ကြီး
စစ်အစိုးရက မွန်ပြည်သစ်ပါတီအား နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနှင့်ပတ်သက်၍ အကြောင်း ပြန်ကြားရန် ရက် နီးကပ်လာသည့်အပေါ် ဒေသခံကျေးရွာသားများ စိုးရိမ်၍ နေရပ်စွန့်ခွာ....

စစ်အစိုးရက မွန်ပြည်သစ်ပါတီအား နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနှင့်ပတ်သက်၍ အကြောင်း ပြန်ကြားရန် ရက် နီးကပ်လာသည့်အပေါ် ဒေသခံကျေးရွာသားများ စိုးရိမ်၍ နေရပ်စွန့်ခွာ ပြောင်းရွှေ့နေကြသည်။

မွန်ပြည်သစ်ပါတီအနေနှင့် နယ်ခြားစောင့်တပ်ဖွဲ့ရေး၊ မဖွဲ့ရေးနှင့်ပတ်သက်၍ စစ်အစိုးရထံ အကြောင်းပြန် ကြားရန် ရက်နီးကပ်လာသဖြင့် တစ်စုံတစ်ရာ ဖြစ်ပွားမည်ကို စိုးရိမ်ပြီး ပြောင်းရွှေ့ ကြခြင်းဖြစ်သည်ဟု ယမန်နေ့က ဘန့်တုန်ယမ်းဒုက္ခသည်စခန်းသို့ ရောက်လာသူများက ပြောကြောင်း စခန်းတွင်းနေထိုင်သူတစ်ဦးက ယခုလိုပြော သည်။

“ဒီဖက်မှာဖြစ်နေတာက ရွာသားတစ်ချို့ရဲ့အမြင်ပေ့ါနော်။ ဒီနယ်ခြားစောင့် ဘော်ဒါဂတ် လုပ်မယ့်သူ ရှိသလို၊ တချို့က ပြန်ပြီးတော့လက်နက်ကိုင်ပြန်တိုက်မယ့် အနေအထား ရှိတယ်ဆိုတော့ လူတွေက စိုး ရိမ်မှုတွေ အရမ်းများနေကြတယ်။ ထီးဖားဒိုဆိုတဲ့ ကရင်ရွာကတော့ ပြီးခဲ့တဲ့နေ့ကတောင် ကျနော်တို့ ဒုက္ခသည်စခန်းထဲကို ၀င်လာတာ လူငါးဆယ်လောက်ရှိတယ်။”

မွန်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်အတွင်းရှိ ထီးဖားဒို၊ ဘလယ်တူဖိုက်နှင့် ဟလော့ခနီ စသည့်ရွာသုံးရွာရှိ ရပ်ရွာ တာဝန်ရှိသူများက ပြောင်းရွှေ့ထားရန် ပြောဆိုသည့် အတွက် ပြောင်းလာကြခြင်းဖြစ်သည်ဟု ၎င်းကဆက် ပြောသည်။

“ရွာသူကြီးတို့ ဆယ်အိမ်မှူးတို့ကနေ ဆော်သြနေတာ။ ဖြစ်နိုင်မယ်ဆိုရင် ကိုယ့်ဆွေမျိုးတွေ ရှိတဲ့နေရာ ပြောင်းထားဖို့၊ ပြီးတော့ ဒုက္ခသည်စခန်းတွေမှာ ဆွေမျိုး ရှိရင်လည်း စခန်းတွေထဲ ၀င်လို့ရရင် ၀င်ထားဖို့ ဆော်သြထားတယ်။”

ကျေးရွာသုံးခုအနက် ဘလယ်တူဖိုက် ကျေးရွာသည် မွန်ပြည်သစ်ပါတီ မြို့နယ်ရုံးစိုက်သည့် နေရာဖြစ်ပြီး ရွာသား များအနေနှင့် ဘုရားသုံးဆူမြို့ရှိ ဆွေမျိုးများထံ ပြောင်းရွှေ့သွားကြသည်။

ဒုက္ခသည်စခန်းအတွင်း ပြောင်းရွှေ့လာသူများအနက် အမျိုးသမီးနှင့် ကလေးငယ်များ အများစု ပါ၀င်ပြီး အချို့မှာ တောလမ်းမှတဆင့် ထားဝယ်ဒေသရှိ လုလုံဒုက္ခသည်စခန်းဟောင်းဖက်သို့ ပြောင်းရွှေ့သွားကြသည်ဟု ဆက်ပြောသည်။

“တချို့ကျတော့ နယ်ခြားကိုဖြတ်ပြီးတော့ ထားဝယ်ဖက်ဆင်းသွားကြတာလည်းရှိတယ်။ ကျနော်စုံစမ်း ရသလောက် အရင်တုန်းက လုလုံဒုက္ခသည် စခန်းဖက် ရွှေ့သွားတာ မနေ့ကဆိုရင်လူဦးရေက ငါးဆယ်၊ ခြောက်ဆယ်လောက်ရှိမယ်။”

ယခုလိုကျေးရွာသားများပြောင်းရွှေ့လာသည့်အတွက် တိုက်ပွဲဖြစ်ပွား၍ စစ်ပြေးဒုက္ခသည်များ ထပ်မံရောက်ရှိလာ ပါက ကူညီပေးနိုင်ရန် ဘန့်တုန်ယမ်း ဒုက္ခသည် စခန်းတာဝန်ရှိသူများက အစီအစဉ်များ ရေးဆွဲထားသည်ဟု သိရှိ ရသည်။

မွန်ပြည်သစ်ပါတီအနေနှင့် နယ်ခြားစောင့်တပ်ဖွဲ့ရန်နှင့် ဌာနေပြည်သူ့စစ်ဖွဲ့ရန်ကိစ္စကို ငြင်းဆို ထားသော်လည်း မည်သို့တုန့်ပြန်မည်ကို နယ်စပ်စစ်ရေးအကဲခတ် သူများက စောင့်ကြည့်နေ ကြသည်။

မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်ကတည်းက မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ပြီး နယ်ခြား စောင့်တပ်အသွင်ပြောင်းရန် ယခုလ ၂၈ ရက်နေ့တွင် အကြောင်းပြန် ကြားရမည်ဖြစ်သည်။

Most read this week