ဥရုချောင်းတွင် ရွှေရှာသည့် လုပ်ပိုင်ခွင့် ထူးကုမ္ပဏီက ရရှိ

ဥရုချောင်းတွင် ရွှေရှာသည့် လုပ်ပိုင်ခွင့် ထူးကုမ္ပဏီက ရရှိ
ကချင်ပြည်နယ်၊ ကျောက်စိမ်းတွင်းဒေသရှိ ဥရုချောင်းရိုးတလျောက်တွင် ရွှေရှာခွင့်ကို ဦးတေဇ၏ ထူးကုမ္ပဏီက မကြာသေးမီလပိုင်းက ရရှိထားပြီး ယခု တရုတ်နိုင်ငံသား များက....

ကချင်ပြည်နယ်၊ ကျောက်စိမ်းတွင်းဒေသရှိ ဥရုချောင်းရိုးတလျောက်တွင် ရွှေရှာခွင့်ကို ဦးတေဇ၏ ထူးကုမ္ပဏီက မကြာသေးမီလပိုင်းက ရရှိထားပြီး ယခု တရုတ်နိုင်ငံသားများက လာရောက်လုပ်ကိုင်နေသည်။

ဖားကန့်မြို့နယ်၊ တာမခံအောက်ဖက် ဟောင်ပါးကျေးရွာမှစ၍  ချင်းတွင်းမြစ်ဖျား ဟုမ္မလင်းမြို့အထိ ဥရုချောင်း တလျောက်တွင် ရွှေရှာရန်ရှိပြီး ယခု ရွှေဖောင်(၃)စီး ဟောင်ပါးကျေးရွာအနီးတွင် တပ်ဆင်ပြီးစီး၍ ရွှေစတင်ရှာ နေကြသည်ဟု ဖားကန့်ဒေသခံ တဦးက ပြောသည်။

“အဲဒီရွှေဖောင်တွေကို တစစီဖြုတ်ပြီး တရုတ်ပြည်ဘက်ကနေ ကားတွေနဲ့ သယ်လာတာ။ စုစုပေါင်း ကားအစီး (၂၀)ရှိတယ်။ ရွှေဖောင်တွေ ဘယ်လောက်ဆိုတာတော့ မသိဘူး။ လောလောဆယ်(၃)စင်း တပ်ဆင်ပြီး သွားပြီ။” ဟု ပြောသည်။

ရွှေဖောင်ဆိုသည်မှာ သံဖြင့်ပြုလုပ်ထားသည့် ဖောင်နှင့်အလားသဏ္ဍာန်တူ စက်တပ် ရေယာဉ်ဖြစ်ပြီး ယာဉ်ပေါ် တွင် ရေအောက်ကြမ်းပြင်မှ သဲများကို စုတ်ယူနိုင်သည့် စက်များ၊ ဆယ်ယူရရှိသည့်သဲများထဲမှ ရွှေများကို ရှာဖွှေ သန့်စင်သည့် စက်များပါ တပါတည်း  တပ်ဆင်ထားသည်။

မြစ်ဆုံဒေသနှင့် မြစ်ကြီးနားအကြား ဧရာဝတီမြစ်တလျောက် ယခင်က ရွှေဖောင်များသုံး၍ ရွှေရှာဖွှေ မှုများ ပြုလုပ်နေခဲ့ရာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ ရှိလာ၍ မကြာ သေးမီ လပိုင်းက ပိတ်ထားခဲ့ပြီး ဥရု ချောင်းတွင်မူ ယခုလို ရွှေရှာခြင်းကို ခွင့်ပြုထားခြင်း လည်း ဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်တဦးက ပြောသည်။

“မြစ်ဆုံမှာတော့ ပိတ်ထားလိုက်ပြီ။ ဒီမှာတော့ ဥရုချောင်းသန့်ရှင်းရေးအကြောင်းပြပြီး ဦးတေဇကို လုပ်ပိုင်ခွင့် ပေးထားတာ။ သူက နာမည်ခံတာ။ လုပ်တာက တရုတ်တွေက လာလုပ်နေတာ။” ဟု ပြော သည်။

ရွှေရှာဖွှေရေးတွင် အသုံးပြုသည့် ပြဒါးနှင့် အက်ဆစ်များကြောင့် ရေနေ သတ္တဝါများကို အန္တရာယ်ဖြစ်စေ သလို ရေများမှာလည်း မသန့်ရှင်းနိုင်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များက ဝေဖန်ထောက်ပြနေ ကြသည်။

Most read this week