မောင်တော သင်္ကြန်တွင် ဘူးသီးတောင်မှ လူငယ်များ အရိုက်ခံရပြီး ဆေးရုံရောက်

မောင်တော သင်္ကြန်တွင် ဘူးသီးတောင်မှ လူငယ်များ အရိုက်ခံရပြီး ဆေးရုံရောက်
ဘူးသီးတောင်မှ မောင်တောသို့ ရေကစားရန် လာသူများကို မောင်တောမြို့မှ လူငယ်အဖွဲ့တခုမှ ၀ိုင်းဝန်းရိုက်နှက်မူကြောင့် ဘူးသီးတောင်မှ လူငယ် တဦးကို ဆေးရုံတင်ရပြီး တခြား အမျိုးသမီးငယ် တဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း မောင်တောမြို့ခံ တဦးက...

ဘူးသီးတောင်မှ မောင်တောသို့ ရေကစားရန် လာသူများကို မောင်တောမြို့မှ လူငယ်အဖွဲ့တခုမှ ၀ိုင်းဝန်းရိုက်နှက်မူကြောင့် ဘူးသီးတောင်မှ လူငယ် တဦးကို ဆေးရုံတင်ရပြီး တခြား အမျိုးသမီးငယ် တဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း မောင်တောမြို့ခံ တဦးက ပြောသည်။

“ဒဏ်ရာရပြီး သတိမေ့သွားတဲ့ အတွက် ဆေးရုံကို တင်လိုက်ရတာက ဘူးသီးတောင်က ကိုဦးတင်မောင် ဖြစ်ပါတယ်။ နောက်ထပ် ဦးခေါင်း ကွဲသွားတဲ့ အတွက် ၆ ချက်တိတိ ချုပ်လိုက်ရတာက ကရာတေး ဆရာ ကိုလှမောင်သိန်းရဲ့ သမီး ဖြစ်ပါတယ်။ သူမ နာမည်တော့ ကျွန်တော် မသိဘူးဗျာ။ နောက်ထပ် အမျိုးသမီးငယ် တဦးလည်း နုတ်ခမ်းမှာ ဒဏ်ရာ ရသွားခဲ့ပါတယ်။”

ကိုဦးတင်မောင်မှာ စစ်တွေ တက္ကသိုလ်မှ နောက်ဆုံးနှစ် ဥပဒေ ကျောင်းသား ဖြစ်ပြီး ဧပြီ ၁၉ ရက်နေ့ နောက်ဆုံး မောင်တော သင်္ကြန်ရက်တွင် ကားဖြင့် လည်ပတ် နေစဉ် မောင်တောမြို့မှ ဆိုးသွမ်း လူငယ် အဖွဲ့ တဖွဲ့၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

“သူတို့ကို တိုက်ခိုက်တာ မောင်တောမြို့ဇာတိ ဘူးသီးတောင်မှာ တာဝန်ကျနေတဲ့ ဥပဒေအရာရှိ ဦးငမဲချေရဲ့သား ဒိုးသီး ဦးဆောင်တဲ့ လူငယ် အဖွဲ့ ဖြစ်ပါတယ်။ ဘူးသီးတောင်က လူငယ်တွေ မောင်တော သင်္ကြန်ကို ကားနဲ့ လာရောက်လည်ပတ်စဉ်မှာ ပုလင်းတွေ တုတ်တွေ ခဲတွေနဲ့ တိုက်ခိုက်ကြတဲ့ အတွက် ခုလို သူတို့ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားတာ ဖြစ်ပါတယ်။” ဟု သူက ဆက်ပြောသည်။

ယခုအခါ မောင်တောရဲမှ ဒိုးသီးနှင့် တိုက်ခိုက်ရာတွင် ပါ၀င်သူများအား ဖမ်းဆီး ထိန်းသိမ်း ထားသည်ဟု သိရသည်။

ဦးခေါင်းကွဲသွားသဖြင့် ၆ ချက် ချုပ်ရသူ အမျိုးသမီးမှာ ယမန်နေ့က မောင်တောမှ ဘူးသီးတောင်သို့ ပြန်သွားခဲ့သော်လည်း ကိုဦးတင်မောင်မှာ ဒဏ်ရာ ပြင်းထန်သဖြင့် ဆေးရုံတွင် ဆက်လက် တင်ထားရသည်ဟု သိရသည်။

ယခုကဲ့သို့ ရေကစားရန် လာသူများအပေါ် တုတ်ဂဲများ ဖြင့် တိုက်ခိုက်သူများ အပေါ် မောင်တော မြို့သူမြို့သားများမှလည်း အထူး မကျေမနပ် ဖြစ်နေကြသည်ဟု မြို့ခံ တဦးက ပြောသည်။

ရခိုင်ပြည်နယ် အနောက်ဘက် အစွန်ဆုံး မောင်တောမြို့တွင် ရခိုင်ရိုးရာ သင်္ကြန်ကို နှစ်ဆန်း တရက် ဧပြီ ၁၇ ရက်နေ့တွင် စတင်ပြီး ဧပြီ ၁၉ ရက်နေ့တွင် အဆုံးသတ်လေ့ ရှိသည်။

Most read this week