တအာင်းအဖွဲ့ ပညာရေးအကြောင်း အလင်းမဲ့ဘဝ အစီရင်ခံစာထုတ်

တအာင်းအဖွဲ့ ပညာရေးအကြောင်း အလင်းမဲ့ဘဝ အစီရင်ခံစာထုတ်
by -
ခွန်အောင်မြတ်
မြန်မာစစ်အစိုးရ၏ နည်းစနစ်မကျသည့် ပညာရေးကြောင့် ကျေးလက်နေကျောင်းသားများ ပညာသင်ခွင့် ဆုံးရှုံး နစ်နာသည်ဟု တအာင်း(ပလောင်)အဖွဲ့က....

မြန်မာစစ်အစိုးရ၏ နည်းစနစ်မကျသည့် ပညာရေးကြောင့် ကျေးလက်နေကျောင်းသားများ ပညာသင်ခွင့် ဆုံးရှုံး နစ်နာသည်ဟု တအာင်း(ပလောင်)အဖွဲ့က ပြောဆိုလိုက်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်း( ပလောင်) လူမျိုး၏ ပညာရေးနှင့်ပတ်သက်၍ တအာင်း(ပလောင်)ကျောင်း သားနှင့်လူငယ်များအစည်းအရုံးက အလင်းမဲ့ဘဝ အစီရင်ခံစာ တစောင်ကို ယနေ့ ထုတ်ဝေသည်။

မြို့ကြီးတွင် ငွေကြေးတတ်နိုင်သည့် ကလေးနှင့် စစ်အရာရှိနှင့် နီးစပ်သည့် ကလေးများသာ ကောင်းမွန်စွာ ပညာ သင်ကြားနိုင်ကြပြီး ကျေးလက်ဒေသတွင် ဆရာ၊ ဆရာမများ လုံလောက်မှုမရှိသဖြင့် မူလတန်းကျောင်းအထိသာ တက်နိုင်သည့် ကလေးတွေက များ သည်ဟု တအာင်း(ပလောင်) ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး ၏ အထွေထွေ အတွင်းရေးမှူး မိုင်းအောင်ကိုက ယခုလို ပြောသည်။

“ဒီဟာကို အချိန်ပေးပြီးမှ ကျနော်တို့က လူတွေကို ခပ်များများ အင်တာဗျူးလုပ်တဲ့ အချိန်မှာ ကျနော် တို့ရဲ့ စုံစမ်းတွေ့ရှိချက်အရပေါ့လေ ကျောင်းတကျောင်းမှာ ကျောင်းတက်နှုန်းက (၁၇၂) ယောက်က နေ ကျောင်းတက်တာ ဟိုး တကယ့်ဆယ်တန်း အောင်တဲ့အချိန်ကျတော့ သုံးယောက်ပဲရှိတယ်။”

ပညာရေးစနစ်၏ အဓိက ပြဿနာအကြောင်းရင်းနှင့်ပတ်သက်၍ မိုင်အောင်ကိုက ယခုလို ဆက်လက်ပြောသည်။

“အဓိက ပြဿနာက ဘာဖြစ်လို့လဲဆိုတော့ ဒီ အစိုးရရဲ့ ၀ါဒတွေကြောင့်၊ ပေါ်လစီတွေ ကြောင့်ပေါ့ ဗျာ။ ပညာရေးအခြေအနေတွေ ဆိုးဝါးနေတယ်။ ပြီးလို့ရှိရင် ပညာရေး လာဘ်စားမှုတွေ ရှိမယ်၊ အဲမှာ ရှိတာက ကျနော်တို့က ပညာရေးရဲ့ အကျိုးသက်ရောက်မှု တွေပေါ့နော်။ စာသင်ကျောင်းတွေက မလုံ လောက်တဲ့ စာသင်ကျောင်းတွေရယ်၊ ပြီးလို့ရှိရင် ပြည်သူတွေက ဘွဲ့ရပြီး အလုပ်မရှိပဲနဲ့ ကျောင်း ထွက်ရတဲ့ အနေအထားတွေ ရှိတယ်။ ပြီးလို့ရှိရင် နောက်ပိုင်းမှာ မူးယစ်ဆေးဝါး ပြဿနာတွေလည်း ပြဿနာတွေတော့ အမျိုးမျိုးတွေ ရှိကြတာပေါ့။ နောက်တချက်က လူ့အခွင့် အရေးချိုးဖောက်မှုတွေ ရှိတယ်။”

တအာင်းလူမျိုး အများစုနေထိုင်ကြသည့် ရှမ်းပြည်မြောက်ပိုင်း နမ်းစန်၊ နမ့်ခမ်းနှင့် မန်တုန်မြို့ရှိ ကျေးရွာပေါင်း ၆၁ ရှိ လူဦးရေ ၁၇၅ ဦးကို ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ တွေ့ဆုံမေးမြန်းထား အလင်းမဲ့ဘဝ အစီခံစာကို ထုတ်ခြင်းဖြစ်သည်ဟု မိုင်အောင်ကို က ပြောသည်။

“ဒီ အဓိက ရည်ရွယ်ချက် ဒီအစီရင်ခံစာ ထုတ်ပြန်ချင်တာက ကျနော်တို့ ဒီတအာင်းဒေသမှာရှိတဲ့ ဒီ တအာင်းလူငယ်တွေရဲ့ ပညာရေးစနစ်ကို ပိုမိုပြီးတော့ တိုးတက်လာစေရန်နဲ့ ထုတ်ဖော်တင်ပြရခြင်း သာဖြစ်တယ်။ ထို့အတူ နောက်တချက်ကလည်း ဒီစစ်အစိုးရရဲ့ ဆုတ်ယုတ်နစ်နာ ဆိုးဝါးနေတဲ့ ပညာ ရေးစနစ်ကို နိုင်ငံတကာ အသိုင်းအဝိုင်းကို ကျနော်တို့ တင်ပြမယ်။ ပြီးလို့ရှိရင် ဒီနို်င်ငံတကာ အသိုင်း အဝိုင်းကနေပြီးမှ ကျနော်တို့ တအာင်းရဲ့ ပညာရေးစနစ်တွေ ရအောင် ပေါ့လေ။ ပြီးလို့ရှိရင် ဒီစစ် အစိုးရရဲ့ ပညာရေးစနစ်က ဘယ်လောက်အထိဆိုးဝါးနေသလဲဆိုတာ ပြန်ပြီးတော့ ပြန်လည်သုံးသပ် လာတဲ့အထိ နိုင်ငံတကာ ဆက်လက်ပြီးမှ ဖိအားပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီးမှ ထုတ်ရတာ ဖြစ် တယ်။”

တအာင်းခေါ် ပလောင်လူမျိုးသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အများစုနေထိုင်ကြကာ ရှမ်းပြည်တောင်ပိုင်းနှင့် အလယ်ပိုင်းမှာလည်း နေရာအနှံ့တွေ့ရှိနိုင်ပြီး လူဦးရေ တသန်းကျော်ရှိသည်ဟု သိရသည်။

Most read this week