ဗုံးကွဲ၍ ဒဏ်ရာရသူများထဲတွင် ရခိုင် ၁၈ ဦးပါ၀င်

ဗုံးကွဲ၍ ဒဏ်ရာရသူများထဲတွင် ရခိုင် ၁၈ ဦးပါ၀င်
ဧပြီလ ၁၄ ရက် သင်္ကြန် အကျနေ့က ကန်တော်ကြီး X2O မဏ္ဍပ် ဗုံးကွဲ ဒဏ်ရာရသူ ၁၇၀ ဦးထဲတွင် ရခိုင် ၁၈ ဦး ပါ၀င်ကြောင်း...

ဧပြီလ ၁၄ ရက် သင်္ကြန် အကျနေ့က ကန်တော်ကြီး X2O မဏ္ဍပ် ဗုံးကွဲ ဒဏ်ရာရသူ ၁၇၀ ဦးထဲတွင် ရခိုင် ၁၈ ဦး ပါ၀င်ကြောင်း သတင်း ရရှိသည်။

အမည်မဖေါ်လိုသူ ရခိုင် သဟာယ အသင်း အဖွဲ့ဝင် တဦးက “အများစုက ကျောက်တော် မြို့နယ်က ဖြစ်ပါတယ်။ အမျိုးသမီးတွေပါဘဲ။ X2O မဏ္ဍပ်ရှေ့က ဖြတ်ပီး သိမ်ဖြူကွင်း ရခိုင်မဏ္ဍပ်တွေရှိရာကို လာစဉ်မှာ ဗုံးကွဲပြီး ဒဏ်ရာ ရရှိခဲ့ကြတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ထိုအထဲတွင် ကျောက်တော်မြို့မှ မရီရီကျော်နှင့် အမ်းမြို့နယ် မအီမှ မင်းမင်းဟိန်းမှာ ဒဏ်ရာ ပြင်းထန်သည်ဟု သိရသည်။

ဒဏ်ရာ ရသူများမှာ ကျောက်တော်မြို့မှ ဒေါ်အေးအေးကြိုင်၊ ဒေါ်ရွှေယိုင်၊ ဒေါ်မြရင်၊ ဒေါ်တင်ရီ၊ မမိုးမိုးသန်း၊ ဒေါ်ဝိုင်းချေ၊ ဒေါ်ခိုင်ခိုင်အေး၊ ဦးဇော်ဝင်းထွန်း၊ မရီရီကျော် တို့ ဖြစ်သည်။

တခြားဒဏ်ရာ ရသူများမှာ ရသေ့တောင်မြို့နယ် နဂါးမောက်ကျေးရွာမှ ဦးအောင်တင်ဝင်း၊ ပုဏ္ဍားကျွန်းမှ ဦးလှမြင့်၊ မလတ်၊ ဦးစိုးနိုင်၊ မထွေးထွေးရီနှင့် အဆိုပါ မြို့နယ် အမဲခင်ကျေးရွာမှ ဦးစံကျော်မောင်တို့ ဖြစ်သည်။

နောက်ထပ် ဒဏ်ရာရသူ တဦးမှာ အမ်းမြို့နယ် မအီမှ မင်းမင်းဟိန်း ဖြစ်သည်။

“ဒဏ်ရာ ပြင်းထန်တဲ့ ကျောက်တော်က မရီရီကျော်ရဲ့ အဖေ ဖြစ်တဲ့ ဦးဇော်ဝင်းထွန်းနဲ့ အမေ ဒေါ်ခိုင်ခိုင်အေး တို့သုံးဦး စလုံး ဒဏ်ရာ ရခဲ့တာပါ။ သူတို့ မဏ္ဍပ်တွေကို လျှောက်ကြည့် နေစဉ်မှာ ဗုံးကွဲခဲ့တာပါ။ ဗုံးက အပြင်က ပစ်တာလား၊ စင်အောက်က ပေါက်တာလား ဆိုတာကိုတော့ သူတို့လည်း သဲသဲကွဲကွဲ မသိကြပါဘူး” ဟုသူက ဆက်ပြောသည်။

ယခုအခါ သူတို့အား ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ဆေးဝါးကုသနေပြီး ရခိုင်သဟာယ အသင်း၊ ရခိုင်စာပေ အသင်းနှင့် ရခိုင်အမျိုးသမီး အသင်းများမှ လိုအပ်သည် များကို သွားရောက် ကူညီပေးနေသည်ဟု သိရသည်။

အစောပိုင်းတွင် သေဆုံးသူထဲတွင် ရခိုင်အမျိုးသမီး ၂ ဦးနှင့် အမျိုးသား တဦး ပါ၀င် သွားကြောင်း သတင်း ထွက်ပေါ်ခဲ့သော်လည်း အဆိုပါ သတင်းကို ယခုအချိန်ထိ အတည် မပြုနိုင်သေးကြောင်း ရခိုင်အသိုင်းအဝိုင်းမှ ပြောသည်။

သိမ်ဖြူကွင်းတွင် ကျင်းပသော ရခိုင်သင်္ကြန်မှာ သင်္ကြန် အကြို ဧပြီ ၁၃ နှင့် သင်္ကြန်အကျ ဧပြီ ၁၄ ရက်နေ့များတွင် စည်ကားခဲ့သော်လည်း ဗုံးကွဲပြီး နောက်တနေ့တွင် စည်ကားခြင်း မရှိတော့ကြောင်း သိရသည်။ ရခိုင်မဏ္ဍပ် ၁၄ ခုတွင် ၈ ခုသာ ဖွင့်လှစ်နိုင်ခဲ့ပြီး လူအနည်း အကျဉ်းဖြင့် သင်္ကြန်ပိတ်ပွဲကို ပြုလုပ်ခဲ့ရသည်ဟု သိရသည်။

Most read this week