မောင်တောမြို့နယ်တွင် အမည်မသိ ရောဂါဆန်းတမျိုး ဖြစ်ပွားနေ

မောင်တောမြို့နယ်တွင် အမည်မသိ ရောဂါဆန်းတမျိုး ဖြစ်ပွားနေ
by -
မင်းဆက်ခိုင်
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် အမည်မသိ ရောဂါဆန်း တမျိုးဖြစ်ပွားနေပြီး ယခုအခါ လူထုအတွင်း ပြန့်ပွားမူများ ရှိနေကြောင်း....

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် အမည်မသိ ရောဂါဆန်း တမျိုးဖြစ်ပွားနေပြီး ယခုအခါ လူထုအတွင်း ပြန့်ပွားမူများ ရှိနေကြောင်း သတင်းရရှိသည်။

ရောဂါဖြစ်ပွားသူများ အနေဖြင့် ရောဂါရရှိလျှင် ချက်ချင်း ကိုယ်အပူချိန်တက်ပြီး အဖျားဝင်လာကာ လက်ဆစ်များနှင့် ခြေဆစ်များ ကိုက်ခဲကာ ခန္ဓာကိုယ်တခုလုံးကိ်ု တုတ်ဖြင့် ရိုက်ထားသကဲ့သို့ နာကျင်ကြောင်း ရောဂါ ခံစားနေရသူများ၏ အပြောအရ သိရသည်။

မောင်တောမြို့ အမှတ်(၃)ရပ်ကွက် ဝိမလရွာမှ ရောဂါ ဖြစ်ပွားသူ အမျိုးသမီးတဦး၏ သမီးတဦးက အဆိုပါ ရောဂါအကြောင်းကို ယခုကဲ့သို့ ပြောသည်။

“ ဘယ်လို ရောဂါမှန်းလည်း မသိဘူးရှင့်။ အရင်ဆုံး ဖျားလာပြီးတော့ ခန္ဓာကိုယ်တွေ ကိုက်ခဲလာတယ်။ နောက်ပီး ရိုက်ထားသလို နာကျင်လာတယ်။ လမ်းတောင် ကောင်းကောင်း လျှောက်လို့ မရဘူး။ ကိုယ်အပူချိန်ကတော့ သိပ်အများကြီးမတက်ပါဘူး။ အနည်းဆုံး ၅ရက် ခန့်ဖျားနာပါတယ်။ တချို့ ဆိုရင် မျက်နှာတွေပါ ညိုမဲပြီးတော့ ရောင်ရမ်းပါတယ်။ ကျမတို့ ဝိမလရွာမှာဆိုရင် တရွာလုံး နီးပါး ဖြစ်နေကြပါတယ်။” ဟု ပြောသည်။

အဆိုပါ ရောဂါကို မောင်တောမြို့ပေါ် ရပ်ကွက်များ ဖြစ်ကြသော အလယ်ရွာ၊ ဒါက်ရွာ၊ ချိတ်တာရွာ၊ ဝိမလရွာ၊ ရွာသစ်၊ စံပြရွာ၊ စျေးတန်း၊ ညောင်ပင်လှရွာများတွင် အဖြစ်များနေကြောင်း သိရသည်။

အလယ်ရွာမှ ဒေသခံတဦး ကလည်း "လူတွေ ပြောနေကြတာကတော့ လူတုတ်ကွေး ရောဂါလို့ ပြောနေ ကြပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာကတော့ ဘာရောဂါ ရယ်လို့တော့ တိတိကျကျ တရားဝင် ထုတ် ပြန်ထားတာ မရှိသေးပါဘူး။ အပြင် ဆေးခန်းတွေမှာ သွားပြတော့ ဆရာဝန်တွေ ပြောတာက ရောဂါပိုး တမျိုးကြောင့် လို့တော့ ပြောပါတယ်။ လူတဦးဆီက နောက်တဦး ဆီကို လေက တဆင့်ကူးစက်မြန်တယ်လို့ပြောပါတယ်။ ဒီရောဂါပိုး ဟာ အနည်းဆုံး ၃လကနေ ၆လအထိ ရောဂါဖြစ်ပွားသူရဲ့ ခန္ဓာကိုယ်တွင်းမှာ ရှိနေတတ်တယ်လို့ ပြောပါတယ်။" ဟုပြောသည်။

၎င်းအပြင်သူက "အပြင်ဆေးခန်းတွေမှာ သွားပြတော့ ပိုးသတ်ဆေးနဲ့ တခြား သောက်ဆေးတွေ ပေးပါတယ်။ သက်ဆိုင်ရာ ကျန်းမာရေး ဌာနကတော့ အခုအချိန်ထိ ဘာတခုမှ လုပ်ပေးတာ မရှိသေးပါဘူး ခင်ဗျ။ လူတွေကို စစ်ဆေးပေးတာတို့၊ သောက်ဆေးတွေပေးတာတို့ ဘာတခုမှ မရှိသေးပါဘူး။ ကိုယ်ဟာကို အပြင်ဆေးခန်း တွေမှာပဲ သွားပြနေရပါတယ်။" ဟု ပြောသည်။

အဆိုပါ ရောဂါနှင့် ပတ်သက်၍ သိရှိရအောင် မောင်တောမြို့ ပြည်သူ့ဆေးရုံးကြီးသို့ နိရဥ္စရာမှ ဆက်သွယ် မေးမြန်း ကြည့်ရာတွင် မြို့နယ်မှူးဟု ဆိုသူ တဦးက ယခုကဲ့သို့ ဖြေကြားသည်။

“ကျနော် မြို့နယ်မှူးပါ။ ဆရာဝန်ကြီး မအားဘူး။ ဘယ်ကပဲဖြစ်ဖြစ် သိချင်လို့ရှိရင် ဒီကိုလာခဲ့” ဟု ပြောကြားပြီး ဖုန်းကို ချသွားခဲ့သည်။

ယခုအခါတွင် အဆိုပါရောဂါကို လူအများအပြား ခံစားနေရသော်လည်း သက်ဆိုင်ရာမှ တစုံတရာမှ စီစဉ် ဆောင်ရွက်ပေးခြင်းမရှိသည့်အတွက် ကိုယ့်နည်းကိုယ့်ဟန် ဖြင့်သာ အပြင်ဆေးခန်းများတွင် ဆေးကုသမှု ခံယူနေရကြောင်းသိရသည်။

မောင်တောမြို့နယ်တွင် ဖြစ်ပွားနေသော အဆိုပါ ရောဂါကို မြန်မာနိုင်ငံထုတ် ဂျာနယ် တစောင်က "ချီကန်ဂန်ညာ" ရောဂါဟု အမည်ပေးထားသည်၊

လွန်ခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း မောင်တောမြို့နယ်တွင် တုတ်ကွေးရောဂါ တမျိုးကြောင့် ကြက်နှင့် ငှက်များ အစုလိုက် အပုံလိုက် သေဆုံးမှု ဖြစ်ပေါ်ခဲ့သည်။

Most read this week