မတ်လအတွင်း ရခိုင် နိုင်ငံရေး ပါတီ တပါတီမှ မှတ်ပုံတင်ခြင်း မရှိသေး

မတ်လအတွင်း ရခိုင် နိုင်ငံရေး ပါတီ တပါတီမှ မှတ်ပုံတင်ခြင်း မရှိသေး
by -
စံလင်း
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ မတ်လအတွင်း နိုင်ငံရေး ပါတီ ၅ ခု မှတ်ပုံ တင်ခဲ့သော်လည်း ရခိုင် နိုင်ငံရေး ပါတီ တခုတလေမှ မှတ်ပုံတင်ခြင်း မရှိသေးကြောင်း...

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ မတ်လအတွင်း နိုင်ငံရေး ပါတီ ၅ ခု မှတ်ပုံ တင်ခဲ့သော်လည်း ရခိုင် နိုင်ငံရေး ပါတီ တခုတလေမှ မှတ်ပုံတင်ခြင်း မရှိသေးကြောင်း သတင်း ရရှိသည်။

ရခိုင်နိုင်ငံရေး သမား ဦးညိုက “ ရခိုင် နိုင်ငံရေး ပါတီတွေ ပေါ်ပေါက်တော့မယ် ဆိုပီး သတင်းတွေ ထွက်နေတာတော့ ကြာပါပြီ။ ဒါပေမယ့် ရွှေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်တာတော့ ခုချိန်ထိ မတွေ့ရသေးပါဘူး” ဟု ပြောသည်။

မတ်လ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပေါ်ထွက်လာပြီး နောက်ပိုင်း နိုင်ငံရေး ပါတီများ မှတ်ပုံတင်လျှက် ရှိနေရာ မတ်လ ၃၁ ရက်နေ့ထိ ပါတီ ၅ ပါတီသာ ရွှေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ခဲ့သည်ဟု သိရသည်။

အဆိုပါ ပါတီများမှာ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ၊ ဒီမိုကရက်တစ် ပါတီ(မြန်မာ)၊ နှင့် ကရင်ပြည်သူ့ ပါတီ တို့ဖြစ်ကြသည်။

နိုင်ငံရေး ပါတီများ အနေဖြင့် ဆက်လက် ရပ်တည် လူပ်ရှား လိုပါက ဥပဒေ စတင်ပြဌာန်းသည့် နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း လျောက်ထားရမည်ဖြစ်ကြောင်း ရွှေးကောက်ပွဲ ကော်မရှင်က ကျေညာ ထားသည်။

“ရခိုင်က ခုတခေါက် ရွှေးကောက်ပွဲကို ပါ၀င်ယှဉ်ပြိုင်မယ့် ပါတီတွေကတော့ မရှိသလောက်ပါဘဲ။ နိုင်ငံရေး ပါတီ ဖွဲ့မယ်ဆိုတဲ့ အထဲမှာ နအဖ စစ်အစိုးရ လိုလားတဲ့ ပါတီတွေက များနေတာကို တွေ့ရပါတယ်။ သာမန် လွတ်လပ်တဲ့ နိုင်ငံရေး ပါတီက မရှိသလောက်ပါဘဲ” ဟု ဦးညိုက ပြောသည်။

ယခုအခါ ကြံ့ဖွံ့ ရခိုင်ပြည်နယ်ကို ဖွဲ့စည်းရန် စီစဉ်နေပြီး အဆိုပါ အဖွဲ့ကို ကြံ့ဖွံ့ ရခိုင်ပြည်နယ် စည်းရုံးရေးမှူး တာဝန်ခံ တပ်မတော် အငြိမ်းစား အရာရှိဟောင်း ဦးကျော်ဇံလှက ဦးဆောင်ရန် စီစဉ်နေသည်ဟု သိရသည်။

တခြား ရခိုင်ပါတီ တခုမှာ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အင်အားစု ( ရခိုင် ပြည်နယ်) တို့ ဖြစ်သည်။အဆိုပါ အဖွဲ့ကို ဦးအေးကြိုင်က ဦးဆောင်မည် ဖြစ်သည်။

တခြား လူငယ် တဦးကလည်း “ စစ်တွေမြို့မှာတော့ ရွှေးကောက်ပွဲဟာ မတရားဘူးဆိုတာကို ပြောနေကြပါတယ်။ လက်ရှိ အချိန်မှာတော့ ရခိုင်တွေ အများစုပါတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အင်အားစု (ရခိုင်ပြည်နယ်) ကို စိတ်ဝင်စားတဲ့သူ များနေပါတယ်” ဟု ပြောသည်။

၁၉၉၀ပြည့်နှစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှာ ရွေးကောက်ပွဲမဝင်ကြောင်း မတ်လ ၂၉ရက်နေ့က တရားဝင်ကြေငြာ ထားသလို ရခိုင်ပြည်နယ်တွင် ၁၉၉၀ ခုနှစ် ရွှေးကောက်ပွဲက အမတ် ၁၁ နေရာဖြင့် အနိုင် ရရှိခဲ့သည် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှလည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ မပြင်လျှင် ရွှေးကောက်ပွဲ မဝင်ဟု သိရသည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အပြီး နအဖ စစ်အစိုးရမှ မဖျက်သိမ်းဘဲ ထားခဲ့သော ပါတီ ၁၀ ခု သာရှိခဲ့သည်။ ထိုအထဲမှ ပါတီ အများစုမှာ ရွှေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ရန် အခြေအနေ မရှိကြောင်း ပြည်တွင်းထဲမှ လာသော သတင်းအရ သိရသည်။

အဆိုပါ ပါတီများမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံး ညီညွတ် ရေးပါတီ၊ ပြည်ထောင်စု ပအိုဝ်းအမျိုး သားအဖွဲ့ချုပ်၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြို(ခေါ်) ခမီ အမျိုးသား ညီညွတ်ရေး အဖွဲ့၊ '၀' အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီ၊ ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ နှင့် ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ်တို့ ဖြစ်ကြသည်။

Most read this week