သင်္ကြန်မတိုင်မီ ကချင်ပါတီ မှတ်ပုံတင်မည်

သင်္ကြန်မတိုင်မီ ကချင်ပါတီ မှတ်ပုံတင်မည်
by -
ဆိုင်းမိုင်
၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် ကချင်အမျိုးသားတိုးတက်ရေးပါတီ (KSPP) က မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် မတိုင်မီ ပါတီမှတ်ပုံတင်မည် ်ဖြစ်ကြောင်း အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာတူးဂျာက....

၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် ကချင်အမျိုးသားတိုးတက်ရေးပါတီ (KSPP) က မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် မတိုင်မီ ပါတီမှတ်ပုံတင်မည် ဖြစ်ကြောင်း အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာတူးဂျာက ပြောသည်။

အဖွဲ့ဝင် ၃၀၀၀ ခန့် စည်းရုံးထားပြီးဖြစ်သည့် KSPP ပါတီသည်၊ ဥက္ကဋ္ဌ - ဒေါက်တာတူးဂျာ အပါအဝင်၊ ဒု-ဥက္ကဋ္ဌ နှင့် အတွင်းရေးမှုး စုစုပေါင်း ၅ ဦးခန့်ပါ၀င်သည့် အဖွဲ့သည် နေပြည်တော်သို့သွားရောက်ကာ မှတ်ပုံတင်မည်ဖြစ်ကြောင်း ဒေါက်တာတူးဂျာက နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ - BNI ကို ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“မှတ်ပုံသွားတင်ဖို့ နေပြည်တော် ကိုအနည်းဆုံး ၅ ယောက်လောက်သွားမယ်။ ရွေးကောက်ပွဲကော်မရှင်အဖွဲ့နဲ့တွေ့မယ်။ မှတ်ပုံတင်ပြီးရင် ဗဟိုအစည်းအဝေးလုပ်မယ်။ အဖွဲ့ဝင်တွေနဲ့ ရှေ့ဆက်လုပ်ကိုင်သွားမယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးမယ်” ဟု ပြောသည်။

ကချင်ပြည်နယ်ကိုယ်စားပြုဖွဲ့စည်းထားသည့် KSPP အနေဖြင့် ရွေးကောက်ပွဲ ၀င်ရခြင်း၏ ရည်ရွယ်ချက်ကိုလည်း ယခုလို ဆက်၍ပြောဆိုသည်။

“ဒီရွေးကောက်ပွဲဝင်ရခြင်းဟာ ကချင်ပြည်နယ်သည် ရွေးကောက်ပွဲပြီးသွားရင် လွှတ်တော်အစိုးရဆိုတာ ရှိလာမယ်။ ကချင်တိုင်းရင်းသားတွေအတွက် လုပ်သွားမယ်။ ဒီနေ့ ငါတို့အမျိုးနဲ့ ငါတို့တိုင်းပြည်အတွက်၊ ကိုယ့်ကိုယ်ကျိုးအတွက်မဟုတ်ဘဲ၊ ငါတို့ကချင်ပြည်နယ်မှာ ပြည်သူ၊ ပြည်သားတွေ အားလုံး လက်ခံကူညီပေး ကြပါလို့ ပြောချင်ပါတယ်” ဟု ဒေါက်တာတူးဂျာက ပြောသည်။

လက်ရှိတွင် KSPP ရုံးချုပ်ကို ကချင်ပြည်နယ်၊ မြို့တော် မြစ်ကြီးနားတွင် ဖွင့်လှစ်ထားပြီး၊ ရုံးခွဲ တခုကိုမူ ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် ဖွင့်လှစ်ထားကြောင်း၊ ပါတီမှတ်ပုံတင် ပြီးစီးပါက စည်းရုံးရေးဆင်းခဲ့သည့် ဒေသများတွင် ရုံးခွဲများ ထပ်မံဖွင့်လှစ်သွားမည်ဖြစ်သည်။

လွန်ခဲ့သည့် ဇန်နဝါရီလမှ စတင်ကာ ပါတီစည်းရုံးရေးခရီးစဉ်များကို ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်များဖြစ်သည့် မြစ်ကြီးနား၊ တနိုင်း၊ ဖားကန့်၊ ပူတာအို၊ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော် စသည်တို့တွင် ပြုလုပ်ခဲ့သည်။

ထိုစည်းရုံးရေးခရီးစဉ်များတွင် ကချင်ပြည်သူလူထု၏ ထောက်ခံမှုများ ရရှိခဲ့သည့်အတွက် အောင်မြင်မှုများရှိကြောင်း ပါတီဗဟိုအမှုဆောင်ကော်မတီဝင် တချို့က သုံးသပ် ပြောဆိုသည်။

သို့သော် ကချင်ပြည်နယ်ရှိ လူတန်းစားအလွှာအသီးသီး အကြား၊ KSPP ပါတီအဖွဲ့နှင့် ၂၀၁၀ ရွေးကောက်ပွဲအပေါ် ထင်မြင်ယူဆချက်၊ သဘောထားများ မတူကွဲပြားမှုရှိနေသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ခံ လူငယ်တဦးဖြစ်သူ ဇောင်ဆိုင်းအောင်က “ရွေးကောက်ပွဲကို စစ်တပ်ကပဲ တက်လာမယ်လို့တော့ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ပြည်သူတွေကတော့ ခံရမှာပါပဲ” ဟု မှတ်ချက်ပေး ပြောဆိုသည်။

မြစ်ကြီးနားမြို့က ကျောင်းအုပ်ဆရာကြီးတဦးကမူ “ကျနော်က ဘာမှမသိပါဘူး။ ၀န်ထမ်းတွေမပါရဘူးဆိုလို့၊ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာမှ လေ့လာထားတာ မရှိပါဘူး” ဟု ဆိုသည်။

သို့သော် ကချင်အမျိုးသမီးတဦးက “ကျမကတော့ စိတ်ဝင်စားပါတယ်။ ကျမဘဝမှာ ဒီတခါပဲ ပထမဦးဆုံးအကြိမ် မဲပေးရမှာ မို့ပါ။ ဒါပေမယ့် ဒီရွေးကောက်ပွဲဟာ စစ်မှန်တဲ့ရွေးကောက်ပွဲ ဖြစ်လာမှာ မဟုတ်တဲ့အပြင်၊ ပြောင်းလဲတိုးတက်လာမယ့် သဘောမရှိဘူး” ဟု သူမအမြင်ကို ပြောဆိုသည်။

ပြီးခဲ့သည့် တနင်္လာနေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ရွေးကောက်ပွဲ သည် လွတ်လပ်ပြီး၊ တရားမျှတမှု မရှိသည့်အတွက် ပါတီမှတ်ပုံတင်မည် မဟုတ်ကြောင်း ၎င်းတို့သဘောထားကို တရားဝင်ကြေညာခဲ့ပြီးဖြစ်သည်။

NLD မှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့သည့်အပေါ် KSPP က ယခုလို တုန့်ပြန်ပြောဆိုလိုက်သည်။

“NLD မဝင်တော့ဘူးဆိုတာကလည်း သူတို့မှာ အကြောင်း အမျိုးမျိုးရှိလို့ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ကျနော်တို့က အားလုံးကို ၀င်ရောက်ယှဉ်ပြိုင်စေချင်တယ်” ဟု ဒေါက်တာတူးဂျာက ဆိုသည်။

သို့သော် မြစ်ကြီးနားမြို့က NLD ပါတီအဖွဲ့ဝင် ဒူဝါဇောင်အောင်က ကချင်ပြည်သူလူထုအတွက် အကျိုးမရှိသည့် ရွေးကောက်ပွဲကို KSPP ပါတီအနေဖြင့် ၀င်ရောက် ယှဉ်ပြိုင်ရန် မသင့်ကြောင်း ယခုလို ဝေဖန်သုံးသပ် ပြောဆိုလိုက်သည်။

“ကချင်ပြည်သူလူထူအားလုံးကို ပြောချင်ပါတယ်။ ကချင်လူထုအတွက် ၂၀၁၀ ရွေးကောက်ပွဲ မလိုအပ်ဘူး။ လူထုအတွက် အကျိုးဘာမှ မရှှိတဲ့ရွေးကောက်ပွဲကို မစဉ်စားပါနဲ့လိ့ု ပြောချင်ပါတယ်။ KSPP အနေနဲ့လည်း မဝင်သင့်ဘူးလို့ထင်ပါတယ်” ဟု ပြောသည်။

မတ်လ ၂၃ ရက်နေ့အထိ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရေးအတွက် ပါတီများ မှတ်ပုံတင်ရာတွင် စုစုပေါင်း ၁၁ ဖွဲ့ရှိပြီဖြစ်သည်။

Most read this week