မူဆယ်မြို့နယ်အတွင်း အိမ်ယာမြေများ သိမ်းယူ

မူဆယ်မြို့နယ်အတွင်း အိမ်ယာမြေများ သိမ်းယူ
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မိုင်းယုကျေးရွာအတွင်းက အိမ်ယာမြေ(၅၉)ကွက်အား ဒေသခံအာဏာ ပိုင်က ယခုလကုန်တွင် အပြီးပြောင်းရွေ့ရန်....

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မိုင်းယုကျေးရွာအတွင်းက အိမ်ယာမြေ(၅၉)ကွက်အား ဒေသခံအာဏာ ပိုင်က ယခုလကုန်တွင် အပြီးပြောင်းရွေ့ရန် ညွှန်ကြားသည်။

တရုတ်-မြန်မာနယ်စပ်တွင် စီးပွားလာရှာရင်း ဒေသခံများ၏ မြေကွက်များ ဝယ်ယူကာ နေအိမ်များ ဆောက်လုပ် ထားကြရာ စီမံကိန်းမြေယာအဖြစ်သတ်မှတ်၍ အခုလ(၃၁)ရက် နေ့တွင်နောက်ဆုံးထားပြီး ရွေ့ပြောင်းခိုင်းသည် ဟု မြေယာကွက် အသိမ်းခံခဲ့ရသူ ဒေသခံတဦးက ပြောသည်။

“မိုင်းယူရွာထဲမှာဘဲ အိမ်ယာကွက် (၅၉)ကွက်ကို သိမ်းတာ။ မြေကွက်က ဘိုးဘွား မြေကွက်ဆိုပြီး ရွာ သားတွေဆီက ဝယ်ခဲ့တာတွေ။ မြေဂရမ်တော့ ဘယ်သူမှ မရှိကြဘူး။ အဲဒီက အိမ်တွေအားလုံး လွန်ခဲ့ တဲ့(၁ဝ)နှစ် ကျော်ကာလ တည်းက ဝယ်ပြီး ဆောက်ခဲ့တာ။ နံကပ်တိုက်တို့၊ ပျဉ်ထောင်အိမ်တို့တွေ၊ အခု ရွေ့ဖို့ လုပ်တဲ့ဟာ လုပ်နေပြီ။ မီးရထား ဘူတာရုံဆောက်မလိုလို၊ လေယာဉ်ကွင်းဆောက်မလိုလို နဲ့  အတိအကျ မသိရသေးဘူး၊ စီမံကိန်းမြေဖြစ်နေလို့ပေါ့။” ဟု မူဆယ် ဒေသခံတဦးက ပြောသည်။

ယင်းနေရာသည် စီမံကိန်းမြေယာအဖြစ်သတ်မှတ်ပြီး နေအိမ်များပြောင်းရွှေ့ရန် မူဆယ်မြို့ မယက ဥက္ကဌ ဦး ညွှန့်ဟန်က ပြီးခဲ့သည့် ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလတွင် ပထမအကြိမ် အမိန့်ပေးခဲ့ပြီး အသစ် ထပ်မံတက်လာသည့် မယက ဥက္ကဌ ဦးမြဟန်က ယခုလ ၁၄ ရက်နေ့က ထပ်မံ အမိန့်ပေးခဲ့သည်။

အတင်းအဓမ္မနေအိမ်များပြောင်းရွှေ့ခံရသည့် မြေနေရာအစား လျှော်ကြေးမရရှိသဖြင့် ဒေသခံများက ကျေနပ်မှု မရှိသော်လည်း မည်သည့်နေရာတွင် တိုင်တန်းရန် မသိကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့်(၂ဝဝ၅)ခုနှစ်အတွင်းကလည်း မိုင်းယုကျေးရွာ၊ (၁ဝ၅)မိုင်ကုန်သွယ်ရေးဇုန် အနီးရှိ ခရစ်ယာန် ဘုရား ရှိခိုးကျောင်းအား ဖျက်သိမ်းရန် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်က အမိန့်ထုတ်ခဲ့သော်လည်း ခရစ်ယာန်ကျောင်း ဝတ်အသင်းတော်ဝင်များက အထက် အာဏာပိုင်များကို အသနားခံစာရေးသားတင်ပြခဲ့သည့်အတွက် ယနေ့အ ထိ အပြောင်း ရွှေ့ခြင်း မခံရသေးပေ။

Most read this week