ခမီးအမျိုးသား တဦးကို ပြန်ပေးဆွဲပီး ကျပ်သိန်း ၂၀၀ တောင်း

ခမီးအမျိုးသား တဦးကို ပြန်ပေးဆွဲပီး ကျပ်သိန်း ၂၀၀ တောင်း
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းတွင် တည်ရှိသော ကျေးရွာ တခုမှ ခမီးအမျိုးသား တဦးကို ဘင်္ဂလာဒေချ့်တွင် အခြေစိုက်သော လက်နက်ကိုင် တပ်ဖွဲ့ တခုမှ ပြန်ပေး ဆွဲသွားပြီး ယခုအခါ ကျပ်ငွေ သိန်း ၂၀၀ တောင်းထားသည်ဟု သူ၏ ဆွေမျိုး တဦးက....

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းတွင် တည်ရှိသော ကျေးရွာ တခုမှ ခမီးအမျိုးသား တဦးကို ဘင်္ဂလာဒေချ့်တွင် အခြေစိုက်သော လက်နက်ကိုင် တပ်ဖွဲ့ တခုမှ ပြန်ပေး ဆွဲသွားပြီး ယခုအခါ ကျပ်ငွေ သိန်း ၂၀၀ တောင်းထားသည်ဟု သူ၏ ဆွေမျိုး တဦးက ပြောသည်။

“ကျွန်တော် ဦးလေး ဦးသာဇံကို ဘင်္ဂလာဒေချ့်ဘက်က လက်နက်ကိုင် အုပ်စု တစုက မတ်လ ၆ ရက်နေ့က တခြား လူနှစ်ဦးနဲ့ အတူ ရွာကနေ ပြန်ပေး ဆွဲသွား ခဲ့ပါတယ်။ ကျန်တဲ့ နှစ်ဦးကို ပြန်လွှတ်လိုက်ပီး ကျွန်တော် ဦးလေးဆီက ကျပ်ငွေ သိန်း ၂၀၀ တောင်းထား ပါတယ်” ဟု ပြောသည်။

ဦးသာဇံမှာ ရခိုင် မျိုးနွယ်စု ခမီးအမျိုးသား တဦးဖြစ်ပြီး ဘူးသီးတောင် မြို့နယ် မြောက်ပိုင်း ခမောင်းချောင်း ကျေးရွာ အုပ်စု သပြုကြီးကျေးရွာမှ ဖြစ်သည်။ အဆိုပါ ကျေးရွာမှာ မြန်မာ- ဘင်္ဂလာဒေချ့် နယ်စပ် အနီးတွင် တည်ရှိသည်။

“လွှတ်ပေးလိုက်တဲ့ သူတွေက သပြုကြီးက ဆယ်အိမ်ခေါင်းနဲ့ ဦးသာဇံရဲ့ သားတော်သူ တဦးတို့ ဖြစ်ကြပါတယ်။ ဦးသာဇံကိုတော့ ကျပ်ငွေ သိန်း ၂၀၀ နဲ့ လာရွှေး ရမယ်ဆိုပီး ပြောထားပါတယ်။ ကျွန်တော် ဦးလေး မိသားစုမှာ နွား ၅၇ ကောင်ရှိပါတယ်။ ဒါကို ရောင်းရင်လည်း သိန်း ၂၀၀ ရမှာ မဟုတ်ပါဘူး။” ဟု သူက ဆက်ပြောသည်။

ဖမ်းဆီး ပြန်ပေးဆွဲထားသည်မှာ ရက်ပေါင်း ၂၀ ကျော်လာပြီ ဖြစ်သော်လည်း ပြန်လွှတ်လာခြင်း မရှိသေးသဖြင့် ဦးသာဇံ၏ ဆွေမျိုးများ အနေဖြင့် အထူး စိုးရိမ် နေသည်ဟု သိရှိရသည်။

နယ်စပ်တွင် ကျောင်းထိုင်နေသူ ဘုန်းတော်ကြီး တပါးမှလည်း အဆိုပါ ပြန်ပေးဆွဲမူကို အတည်ပြုပြောကြားပြီး ယခုအခါ ဦးသာဇံ၏ ဆွေမျိုးများ အနေဖြင့် ပြန်ပေး ဆွဲသွားသော လက်နက်ကိုင် အဖွဲ့နှင့် အဆက်အသွယ် ရရန် ကြိုးစားနေသည်ဟု ပြောသည်။

“ဘယ်အဖွဲ့အစည်းက ဦးသာဇံကို ဖမ်းခေါ်သွားတယ်ဆိုတာကို ဦးဇင်းတို့ သိပေမယ့် ပြောလို့ မရဘူး။ အန္တရာယ်ရှိတယ်။ နယ်စပ်မှာ ဘယ်သူကမှ လာလုံခြံုရေး ပေးမှာ မဟုတ်ဘူး။ အခု ဦးသာဇံရဲ့ မိသားစုတွေကလည်း စစ်တပ်ကိုလည်း မတိုင်ရဲဘဲ ဖြစ်နေတယ်။ စစ်တပ်ကို တိုင်ရင် ပြန်ပေးသမားတွေက ဦးသာဇံကို သတ်ပစ်နိုင်တယ်။ မတိုင်ရင်လည်း စစ်တပ်က အပြစ်မြင်နိုင်တယ်။ ဒါကြောင့် သူတို့လည်း အခက်အခဲ ဖြစ်နေတယ်။”

ယခင်ကလည်း ယခုကဲ့သို့ ပြန်ပေးဆွဲ ငွေတောင်းခံမူများ အဆိုပါ ဒေသတွင် ရှိခဲ့သော်လည်း ပြန်ပေးငွေမှာ မများသဖြင့် များသောအားဖြင့် မိသားစုများ အနေဖြင့် ငွေပေးပြီး ပြန်လည် ရွှေးယူနိုင်ခဲ့သည်ဟု သိရသည်။ ယခုတကြိမ်တွင် ပြန်ပေးငွေမှာ အလွန်များသဖြင့် မိသားစုများမှ ပြန်လည် မရွှေးနိုင်ရာမှ ပြန်ပေး သတင်းမှာ ဟိုလေး တကျော်ဖြစ်လာပြီး ယခုအခါ ဘင်္ဂလာဒေချ့် နိုင်ငံထိ သတင်း ပျံ့နှံ့ ရောက်ရှိသွားခြင်း ဖြစ်သည်ဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။

Most read this week