တရုတ်အင်ဂျင်နီယာ ၆၀ ဖြင့် ဂတ်စ်ပိုက်လိုင်း စီမံကိန်းကို မဒေကျွန်း၌ စတင် လုပ်ကိုင်ပြီ

တရုတ်အင်ဂျင်နီယာ ၆၀ ဖြင့် ဂတ်စ်ပိုက်လိုင်း စီမံကိန်းကို မဒေကျွန်း၌ စတင် လုပ်ကိုင်ပြီ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် ဂတ်စ်ပိုက်လိုင်း စီမံကိန်းကို တရုတ်နိုင်ငံမှ ရောက်ရှိလာသော အင်ဂျင်နီယာ ၆၀ ဖြင့်....

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် ဂတ်စ်ပိုက်လိုင်း စီမံကိန်းကို တရုတ်နိုင်ငံမှ ရောက်ရှိလာသော အင်ဂျင်နီယာ ၆၀ ဖြင့် စတင် အကောင်အထည် ဖေါ် ဆောင်ရွက်နေပြီ ဖြစ်သည်။

အမည်မဖေါ်လိုသူ ကျွန်းပေါ်က အမျိုးသမီး တဦးက “ တရုတ်အင်ဂျင်နီယာ ၆၀ က ရခိုင်ပြည်က အလုပ်သမား ၄၀ နဲ့အတူ အဆောက်အဦးတွေကို ကျွန်းပေါ်မှာ ဆောက်လုပ်နေပြီ ဖြစ်ပါတယ်။အခု ဆောက်နေတာက အဆောက်အဦးတွေနဲ့ ကျောက်ထုတ်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်” ဟု ပြောသည်။

တရုတ်အင်ဂျင်နီယာများသည် မဒေးကျွန်းအောက်ရွာ အနီးရှိ ကျောက်တောင်တခုအားလည်း မိုင်းဖြင့် ဖေါက်ခွဲကာ ကျောက်များ ထုတ်ယူနေသည်ဟု သူမက ပြောသည်။

“ရခိုင်က အလုပ်သမားက ၄ ဆိုင်းရှိပါတယ်။ ကျွန်းပေါ်က ၃ဆိုင်းနဲ့ ကျောက်ဖြူက တဆိုင်း ဖြစ်ပါတယ်။ တဆိုင်းမှာ အလုပ်သမား ၁၀ ဦးကနေ ၁၅ ဦးထိ ရှိပါတယ်။ သူတို့ တရုတ်တွေကတော့ အလုပ်ချောတွေကို လုပ်ပီး ရခိုင်ဒေသခံတွေကိုတော့ ကျောက်သယ်၊ ကျောက်ပြောင်း၊ ကျောက်ထုတ် လုပ်ငန်းတွေမှာ အလုပ်ကြမ်း အဖြစ် အသုံးပြု ပါတယ်။ လုပ်ခကတော့ တနေ့ကို ကျပ် ၂၀၀၀ ရပါတယ်။ တခြားပြင်ပက လူတွေကိုတော့ သူတို့ မခိုင်းပါဘူး။”

အဆိုပါ မိုင်းခွဲ ကျောက်များဖြင့် ဆိပ်ကမ်း တည်ဆောက်မည့် ပင်လယ်ကမ်းခြေအား ဖို့နေပြီ ယခုအခါ ဆိက်ကမ်းဆောက်မည့် မြေနေရာတွင် အဆောက်အဦးများ ဆောက်လုပ်နေသည်။

သူမက “ခုလောလောဆယ်မှာတော့ ဂတ်စ်နဲ့ ရေနံပိုက်လိုင်းတွေကို မတည်ဆောက်သေးပါဘူး။ အခု ဆောက်နေတာက ရေနက် ဆိက်ကမ်းနဲ့ ဖေါင်တော်၊ ပီးတော့ အဆောက်အဦးတွေကို ဆောက်နေတာ တွေ့ရပါတယ်။ ဒါပေမယ့် ပိုက်လုံးတွေတော့ မဒေးကျွန်းကို ရောက်ရှိနေပါပြီ။ ဒါ့အပြင် ကျွန်မ တခါမှ မမြင်ဘူးတဲ့ စက်ကရိယာ တွေလည်း ကျွန်းပေါ် ရောက်ရှိနေပါပြီ။ နောက်ထပ် တရုတ်လူမျိုး ၃၀၀ ရောက်မယ်လို့လည်း သတင်းကြားရပါတယ်” ဟု ပြောသည်။

ယခုစီမံကိန်းကို ကိုးရီးယား ဒေဝူးနှင့် ထွန်းမြှင့်နိုင်ပိုင် အေးရှားဝေါ့ ကုမ္ပဏီတို့မှ တရုတ်နိုင်ငံမှ စီအန်ပီစီ ကုမ္ပဏီနှင့် ပူူးပေါင်းဆောင်ရွက် လုပ်ကိုင်နေကြောင်း ဖြစ်ကြောင်း သိရသည်။

“သူတို့က ကျွန်မတို့ရွာက နှစ်မိုင်ခန့်ဝေးတဲ့ နေရာမှာ နေထိုင်ကြပါတယ်။ အဲဒီနေရာကို ကန့်သတ် နယ်မြေဆိုပီး သတ်မှတ်ထားတဲ့အတွက် ကျွန်မတို့ ရွာသားတွေ အနေနဲ့ သွားလာခွင့် မရှိပါဘူး။ သူတို့ အရာရှိတွေက တရုတ်အင်ဂျင်နီယာတွေနဲ့ ဘာလုပ်ကြသလဲဆိုတာကိုတော့ ကျွန်မတို့ တိတိကျကျ မသိပါဘူး” ဟုသူမက ပြောသည်။

Wharf-construction-Kyaukpru

ယခုအချိန် ကျွန်းပေါ်ရှိ ကျေးရွာသားများထံမှ လယ်မြေများကို အာဏာပိုင်များက ဂတ်စ်ပိုက်လိုင်း စီမံကိန်းအတွက် သိမ်းယူထားသော်လည်း ခုချိန်ထိ လျော်ကြေး တစုံတရာ မပေးသေးကြောင်း သိရသည်။

သူမက “လယ်သိမ်းတာကလွဲပြီး ဘာမှတော့ ပြဿနာ မရှိသေးပါဘူး။ ရွာသားတွေက ရေလုပ်သားတွေ များပြီး ဆင်းရဲတဲ့အတွက် အခုလို အလုပ်လုပ်ပြီး တနေ့ကို ကျပ် ၂၀၀၀ ရတဲ့အတွက် ၀မ်းသာနေကြပါတယ်။ တရုတ် ကုမ္ပဏီက ကျွန်းပေါ်မှာ အဆောက်အဦးတွေ ဆောက်တဲ့ အပေါ်မှာ မြို့ဖြစ်လာတော့မယ် ဆိုပီး ကျေးရွာသားတွေက ပျော်နေကြပါတယ်” ဟု သူမက ပြောသည်။

Wharf-construction-Kyaukpru2

မြန်မာ စစ်အစိုးရသည် ရခိုင်ကမ်းလွန်မှ ထွက်သော ဂတ်စ်ကို ပိုက်လိုင်း တည်ဆောက်ကာ မဒေးကျွန်းမှ တဆင့် တရုတ်နိုင်ငံ ယူန်ပြည်နယ် အထိ တင်ပို့မည် ဖြစ်သည်။ ၎င်းပြင် အဆိုပါ ဂတ်စ် ပိုက်လိုင်းနှင့် အတူ အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှ တင်ပို့မည့် ရေနံများကိုလည်း ပိုက်လိုင်း တည်ဆောက်ကာ တရုတ်သို့ တင်ပို့မည် ဖြစ်သည်။

အဆိုပါ ပိုက်လိုင်းများမှာ ကီလိုမီ ရ၇၁ ထိ ရှည်လျားမည် ဖြစ်ပြီး ရခိုင်ပြည်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည် မြောက်ပိုင်းကို ဖြတ်သန်းမည် ဖြစ်သည်။

Most read this week