နယ်ပြည်တော် အထူးတပ်ဖွဲ့မှ ဘင်္ဂလာသို့ သစ်နွား တင်ပို့ခွင့် ပါမိတ် တစ်ခုစီကို ကျပ်ငွေ(၁၀) သိန်းဖြင့် ထုတ်ရောင်း

နယ်ပြည်တော် အထူးတပ်ဖွဲ့မှ ဘင်္ဂလာသို့ သစ်နွား တင်ပို့ခွင့် ပါမိတ် တစ်ခုစီကို ကျပ်ငွေ(၁၀) သိန်းဖြင့် ထုတ်ရောင်း
by -
တာကလူး
နအဖ စစ်ဌာနချုပ် နေပြည်တော်မှ ရခိုင်ပြည်နယ်သို့ စေလွှတ်ထားသည့် အထူးတပ်ဖွဲ့သည် ဘင်္ဂလာသို့ သစ်၊ နွား တင်ပို့ခွင့် ပါမိတ် တစ်ခုစီကို ကျပ်ငွေ (၁၀)သိန်း ကျစီဖြင့် ယခုလ လဆန်းပိုင်းမှ စ၍ ထုတ်ရောင်းချ ပေးနေကြောင်း...

နအဖ စစ်ဌာနချုပ် နေပြည်တော်မှ ရခိုင်ပြည်နယ်သို့ စေလွှတ်ထားသည့် အထူးတပ်ဖွဲ့သည် ဘင်္ဂလာသို့ သစ်၊ နွား တင်ပို့ခွင့် ပါမိတ် တစ်ခုစီကို ကျပ်ငွေ (၁၀)သိန်း ကျစီဖြင့် ယခုလ လဆန်းပိုင်းမှ စ၍ ထုတ်ရောင်းချ ပေးနေကြောင်း သတင်းရရှိသည်။

ပင်လယ် ရေကြောင်းဖြင့်သာ ခွင့်ပြုထားသည့် အဆိုပါ ဘင်္ဂလာသို့ သစ်နွား တင်ပို့ခွင့် ပါမိတ်ကို နေပြည်တော် အထူးတပ်ဖွဲ့မှ ဗိုလ်မှူးချုပ် မျိုးသန့်၏ လက်မှတ်ဖြင့် ခေါက်ရေ အလိုက် ထုတ်ပေး နေခြင်းဖြစ်ပြီး၊ အဆိုပါ လက်မှတ် မပါပဲ မှောင်ခို တင်ပို့သူများကို ဖမ်းဆီး အရေးယူ လျက်ရှိကြောင်း နယ်စပ်ကုန်သည် တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

“ပါမိတ်က စျေး အရမ်းကြီးပြီးတော့ တစ်ခေါက် တင်ပို့မယ်ဆိုရင် တစ်ခါ ပါမိတ်ခံရတယ်လေ။ ဘုတ်ကြီးကြီးနဲ့ အလုံးအရင်း တင်ပို့နိုင်တဲ့သူတွေ အတွက် အမြတ် အစွန်းတွေ ရှိနိုင်ပေမယ့် သူ့လိုကိုယ့်လို အရင်းအနှီး နည်းနည်းလေးနဲ့ လုပ်စားနေရသူတွေအတွက်တော့ အဲသလိုသာ ပေးနေရမယ်ဆိုရင် ဘယ်ကျန်မလဲဗျ” ဟု ၄င်းကုန်သည်က ပြောသည်။

အဆိုပါ ပါမိတ်များ ထုတ်ဝေ ပေးပြီးနောက် ဘင်္ဂလာရှိ တက္ကနာ နှင့် ရှင်မဖြူ ဆိပ်ကမ်းများသို့ ၀င်နိုင်မည့် နှာခေါင်းတောင ်အနီးရှိ နတ်မြစ်ဝတွင် မောင်တော အလယ်သံကျော် အခြေစိုက် နစက နယ်မြေ (၇)မှ နစကများကို စက်လှေ(၃) စီးဖြင့် ကင်းချထားသည်။

၄င်းနစက ကင်းစက်လှေများသည် နတ်မြစ်ထဲသို့ ၀င်လာသည့် သစ်နှင့် နွားဘုတ်ဟူသမျှကို လိုက်လံ စစ်ဆေးမှုများ ပြုလုပ်နေပြီး၊ နေပြည်တော် အထူးတပ်ဖွဲ့မှ ပါမိတ် မခံလာသည့် ဘုတ်များကို လိုက်လံ ဖမ်းဆီးလျက်ရှိကြောင်း သူက ထပ်မံ ပြောကြားခဲ့သည်။

နယ်စပ် သတင်းရပ်ကွက်များ၏ အဆိုအရ အဆိုပါ နစကတပ်ဖွဲ့များမှာ လွန်ခဲ့သော ရက်သတ္တပတ် အတွင်း သစ်နှင့် နွားတင်ဆောင် လာသည့် ဘုတ်(၃) စီးကို ဘင်္ဂလာ ရေပိုင်နက်ထဲရှိ ရှင်မဖြူကျွန်း အနီးတွင် ချင်းနင်းဝင်ရောက် ဖမ်းယူသွားခဲ့ကြောင်း သိရှိရသည်။

ထိုသို့ နစကတပ်ဖွဲ့ဝင်များက နတ်မြစ်ဝတွင် အချက်ကောင်းစောင့်ကာ ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းကြောင့် နေပြည်တော်အထူးတပ်ဖွဲ့မှ ပါမိတ်မခံနိုင်သည့် သစ်နွား ဘုတ်များမှာ နတ်မြစ်ထဲသို့ တိုက်ရိုက်မဝင်ရဲကြပဲ ဘင်္ဂလာရေကြောင်းဘက်မှ ပတ်ဝင်ကာ ဘင်္ဂလာ ကမ်းခြေစောင့်တပ်ဖွဲ့များ၏ လိုက်လံစောင့်ကြပ်ပေးမှုဖြင့်သာ ၀င်ရောက်နေကြရကြောင်း သိရှိရသည်။

ဘင်္ဂလာဒေ့ရှ် နိုင်ငံသား နယ်စပ်ကုန်သည် တစ်ဦးက “နစကတွေ ဘင်္ဂလာ ရေပိုင်နက် ထဲကိုတောင် ၀င်ပြီး သောင်းကျန်းနေတော့ ဟိုဖက်က ဘုတ်တွေက မလာရဲ ဖြစ်နေကြတယ်။ ဒါကြောင့် အဲဒီဘုတ်တွေကို အေးအေးဆေးဆေး ဒီဘက်ကို ၀င်လာနိုင်အောင် ဒီဘက်က ကမ်းစောင့် တပ်ဖွဲ့တွေကို တာကာငွေ ၅၀၀၀ စီ ပေးပြီး စောင့််ကြပ်ပေးဖို့ တောင်းပန် ထားရတယ်” ဟုပြောသည်။

ရခိုင် ကုန်သည်များ၏ အဆိုအရ ပင်လယ်ပြင်ကိုဖြတ်ပြီး တစ်ဘက်နိုင်ငံသို့ မှောင်ခို ကုန်တင်ပို့ နေကြရခြင်းမှာ နအ ဖစစ်အာဏာပိုင်များမှ ပြည်တွင်း၌ လွတ်လပ်စွာ ကုန်သွယ် ရောင်းဝယ်မှုကို ကန့်သတ်ထားပြီး စီးပွါးရေးလုပ်ငန်းဟူသမျှကို လက်ဝါးကြီး အုပ်ထားသည့် အတွက်ကြောင့် ဖြစ်သည်။

နအဖ၏ နေပြည်တော်အထူးတပ်ဖွဲ့မှာ ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ မောင်တော၊ တောင်ဂုတ် နှင့် ဂွ မြို့များတွင် ရုံးစိုက်ထားပြီး၊ ပြည်နယ်အတွင်း လယ်ယာမြေ သိမ်းမှုများနှင့် ပုဂ္ဂလိက စီးပွါးရေး လုပ်ငန်းများ၊ ကုန်သွယ်မှုများမှ အကောက်ခွန် စည်းကြပ်မှုများကို အဓိက ဦးဆောင်ဦးရွက် ပြုလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

Most read this week