ကေအိုင်အေ အရာရှိနှင့် ရဲဘော် (၈) ဦးအား အစိုးရတပ်က ဖမ်းဆီး

ကေအိုင်အေ အရာရှိနှင့် ရဲဘော် (၈) ဦးအား အစိုးရတပ်က ဖမ်းဆီး
by -
ဇော်ကြီး
ကချင်ပြည်လွတ်မြောက်ရေး တပ်မတော်(ကေအိုင်အေ)၏ အရာရှိအပါအဝင် ရဲဘော်(၈)ဦးကို မြန်မာစစ် အစိုးရ တပ်က ယခုရက်ပိုင်းအတွင်း...

ကချင်ပြည်လွတ်မြောက်ရေး တပ်မတော်(ကေအိုင်အေ)၏ အရာရှိအပါအဝင် ရဲဘော်(၈)ဦးကို မြန်မာစစ် အစိုးရ တပ်က ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခဲ့သည်။

တရုတ်မြန်မာနယ်စပ်၊ ကေအိုင်အိုဌာနချုပ်အခြေစိုက်ရာ လိုင်ဇာမြို့မှ ဒုဗိုလ်တစ်ဦးပါ၀င်သည့် တပ်ဖွဲ့ဝင်(၅)ဦး အား ဒေါ့ဖုန်းယန်မြို့နယ် စုပေါင်းဂိတ်က စစ်ဆေးရာ လက်နက်တွေ့ရှိသည့် အတွက် ယမန်နေ့နံနက်က ဖမ်းဆီး ခဲ့သည်ဟု ကြားသိရကြောင်း လိုင်ဇာဒေသခံကုန်သည် တစ်ဦးက ယခုလို ပြောသည်။

“အတိုတစ်လက်မိသွားတယ်လို့ကြားတယ်။ ကားနဲ့ပြန်တာ ကားပေါ်မှာသေနတ်တစ်လက်မိလိုက်တော့ ကားပေါ်မှာပါတဲ့သူတွေအားလုံး ဆွဲစိထားတယ်လို့ပြောတယ်။”

ယင်းအဖွဲ့သည် ကေအိုင်အေ တပ်မဟာ(၃) လက်အောက်ခံတပ်ရင်းမှ တပ်ဖွဲ့ဝင်များဖြစ်ပြီး ဌာနချုပ်စခန်းရှိရာ လိုင်ဇာမှအပြန်အဖမ်းခံရခြင်းဖြစ်သည်။ အဖမ်းခံရသူများအား မည်သည့် နေရာတွင် ထိမ်းသိမ်းထားသည်ကို မသိ ရသေးပေ။

ယင်းကိစ္စမှန်ကန်ကြောင်းနှင့် လွန်ခဲ့သည့် နှစ်ရက်ကလည်း ဆင်ဘိုမြို့နှင့် ဗန်းမော်မြို့ကြား ငှက်ပျောတောကျေး ရွာ၌ ကေအိုင်အေတပ်ဖွဲ့ဝင် (၃)ဦးအား ဒေသခံတပ်ကဖမ်းဆီးခဲ့သည်ဟု ကချင်သတင်းဌာန အယ်ဒီတာ ကို နော်ဒင်း က ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ တိုက်ပွဲဖြစ်ပေါ်လာစေရန် စစ်အစိုးရက ဖန်တီးနေခြင်းဖြစ်၍ ကေအိုင်အို တပ်ဖွဲ့အပေါ် အပြစ်ပုံချလိုခြင်းနှင့် နိုင်ငံရေးအရကြည့်လျှင် လာမည့်ရွေးကောက်ပွဲအား ရက်ရွှေ့ဆိုင်းလိုခြင်းကြောင့် ရန်စနေ ခြင်းဖြစ်နိုင်သည်ဟု ကိုနော်ဒင်းက သုံးသပ်ပြောဆိုသည်။

မြန်မာစစ်အစိုးရနှင့် ကေအိုင်အေတို့ အပစ်ခတ်ရပ်စဲပြီးနောက်ပိုင်း ကေအိုင်အေတပ်ဖွဲ့ဝင်များ ဒေသတွင်းလှုပ် ရှားသွားလာသည့်အခါ လက်နက်နှင့် လူအင်အား အတိအကျကို စစ်အစိုးရ၏ စစ်ဖက်ရေးရာလုံခြံုရေးအဖွဲ့(စရဖ)ထံ အကြောင်းကြားပြီးမှ သွားလာကြရသည်ဟု လိုင်ဇာ ဒေသခံက ပြောသည်။

“အရင်ကလည်းယူသွားကြတာပဲ။ အတိုကတော့ဒီတိုင်းထည့်သွားကြတာပဲ။ အရာရှိတွေလည်း ဒီတိုင်းပဲ ကိုင်သွားကြတာပဲ။ သူတို့ဂိတ်တွေကို သတင်းပို့လား မပို့လားတော့ မသိဘူး။ သူတို့ ကတော့ တရားဝင် သတင်းပို့ခိုင်းတာတော့ရှိတယ်။ လဂျားယန်ထွက်ပြီဆိုရင် ဆက်ဆံရေးရုံး ကနေ စရဖကို သတင်းပို့ရ တယ်လေ။ ဒီကနေ လက်နက်ကိုင်ဆောင်ပြီးတော့ ဘယ်နှစ်ယောက်၊ လက်နက်မပါပဲနဲ့က ဘယ်နှစ် ယောက် အဲတာ သတင်းပို့ပြီးမှထွက်ရတာ။”

ပြီးခဲ့သည့် လကတည်းက ကေအိုင်အိုတပ်ဖွဲ့က အရေးကြီးသည့် စာရွက်စာတမ်းနှင့် ပစ္စည်းများကို လိုင်ဇာဌာန ချုပ်မှ ယခင်ဌာနချုပ်ဟောင်းဖြစ်သည့် လိုင်ဇင်သို့ ရွေ့ပြောင်းထားပြီး နေရာအနှံ့ တွင်လည်း စစ်ရေးအရတပ် ပြင်ဆင်မှုများ ပြုလုပ်ထားသည်ဟု ကေအိုင်အိုနှင့် နီးစပ်သူများက ပြောသည်။

လတ်တလောအနေအထားအရ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်းများအနေနှင့် ဒေသတွင်း တပ်ဖျောက်လှုပ်ရှားမှုများရှိနေပြီး လိုင်ဇာမြို့၌လည်း လုံခြံုရေး တိုးမြှင့်ချထားသည်ဟု သတင်းရရှိသည်။

Most read this week