ပြည်ထဲရေး ဒုဝန်ကြီး မူဆလင် စီးပွားရေး သမား ၁၀ ဦးနှင့်အတူ ရွှေးကောက်ပွဲအတွက် မောင်တောသို့ ရောက်ရှိ

ပြည်ထဲရေး ဒုဝန်ကြီး မူဆလင် စီးပွားရေး သမား ၁၀ ဦးနှင့်အတူ ရွှေးကောက်ပွဲအတွက် မောင်တောသို့ ရောက်ရှိ
ပြည်ထဲရေး ဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ် ဖုန်းဆွေသည် ရန်ကုန်မြို့မှ မူဆလင် စီးပွားရေး သမား ၁၀ ဦးနှင့် အတူ ယမန်နေ့က မောင်တောသို့ ရောက်ရှိလာသည်ဟု အမည်မဖေါ်လိုသူ အစိုးရ အရာရှိဟောင်း....

ပြည်ထဲရေး ဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ် ဖုန်းဆွေသည် ရန်ကုန်မြို့မှ မူဆလင် စီးပွားရေး သမား ၁၀ ဦးနှင့် အတူ ယမန်နေ့က မောင်တောသို့ ရောက်ရှိလာသည်ဟု အမည်မဖေါ်လိုသူ အစိုးရ အရာရှိဟောင်း တဦးက ပြောသည်။

“မနေ့ညနေပိုင်းမှာ ပြည်ထဲရေး ဒုဝန်ကြီး မောင်တောကို ရောက်ရှိလာပါတယ်။ သူက လုံထိန်းတပ်ရင်း အောင်ရိပ်သာမှာ မနေ့က မောင်တောက မူဆလင် ခေါင်းဆောင်တွေ၊ ကြံ့ဖွံ့ အဖွဲ့ ခေါင်းဆောင်တွေနဲ့ အစိုးရ အရာရှိတွေကို ခေါ်ယူ တွေ့ဆုံပါတယ်။ သူမောင်တောကို လာတာက ရွှေးကောက်ပွဲ ကိစ္စအတွက် ဖြစ်ပါတယ်” ဟု သူက ပြောသည်။

သူနှင့့် အတူ ရန်ကုန်မြို့မှ ပါလာသော မူဆလင် စီးပွားရေး သမားများထဲတွင် ရွှေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန် သတင်းဖြစ်နေသူ နှစ်ဦး ဖြစ်သည့် ဦးအောင်နိုင်နှင့် ဦးအောင်ဇော်ဝင်းတို့ ပါ၀င်သည်ဟု သူက ပြောသည်။

ဦးအောင်နိုင်မှာ မောင်တောမြို့နယ် အလယ်သံကျော် ဇာတိဖြစ်ပြီး ဦးအောင်ဇော်ဝင်းမှာ ငခူရ ဇာတိ်ဖြစ်သည်။ သူတို့ နှစ်ဦးစလုံးမှာ ထိပ်ထိပ်ကြဲ မူဆလင် စီးပွားရေး သမားနှစ်ဦးဖြစ်ပြီး လက်ရှိ ရန်ကုန်တွင် နေထိုင်ကာ နအဖ ၀န်ကြီးများနှင့် အထူး နီးစပ်သူများ ဖြစ်ကြသည်။

“ရန်ကုန်က ပါလာတာက မူဆလင် စီးပွားရေးသမား (၁၀) ဦးပါ။ သူတို့နှစ်ဦးကိုဘဲ သိပီး ကျန်တဲ့ လူတွေကိုတော့ မသိပါဘူး။ ရွှေးကောက်ပွဲအတွက် မူဆလင် လူထုကို သူတို့ စည်းရုံးဖို့ သူတို့ လာကြတာ ဖြစ်ပါတယ်။”

သို့သော်လည်း နအဖ စစ်အစိုးရ အနေဖြင့် မည်သို့ မည်ပုံ မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်ရှိ မူဆလင် ဘာသာဝင်များကို ရွှေးကောက်ပွဲအတွက် စည်းရုံးသွားမည်ကို တိတိကျကျ သတင်းများ ထွက်ပေါ်လာခြင်း မရှိသေးကြောင်း အဆိုပါ အရာရှိဟောင်းက ပြောသည်။

တခြားမောင်တောမှ စီးပွားရေး လုပ်ငန်းရှင် တဦးကလည်း ပြည်ထဲရေး ဒုဝန်ကြီး ခရီးစဉ်အတွင်း ကြံ့ဖွံ့ တာဝန်ရှိသူများကို ခေါ်ယူပြီး ရွှေးကောက်ပွဲအတွက် ဆွေးနွေးမူများ ပြုလုပ်ခဲ့သည်ဟု ပြောသည်။

“မနေ့က မောင်တောမြို့နယ် ပြည်ခိုင်ဖြိုး အတွင်းရေးမှူး ကျွဲချေခေါ် ဦးလှထွန်းစိန်ကို ခေါ်ယူပြီး ရွှေးကောက်ပွဲ ကိစ္စကို ဆွေးနွေးတယ်လို့ သိရပါတယ်။ မူဆလင် ဘာသာဝင် တွေကိုလည်း ပြည်ခိုင်ဖြိုးထဲကို ၀င်ရောက်နိုင်အောင် လမ်းဖွင့် စည်းရုံးပြီး ၂၀၁၀ ခုနှစ်ကို အနိုင် လုပ်ရမယ်ဆိုပီး ပြောဆိုတယ်လို့ သိရပါတယ်။”

မောင်တောမြို့နယ်တွင် ရှိသော မူဆလင်ဘာသာဝင်များ အနေဖြင့် လက်ရှိ နအဖ စစ်အစိုးရ အပေါ် မကျေနပ်မူများ တိုးပွားနေသဖြင့် ရွှေးကောက်ပွဲ ဖြစ်ပါက နအဖ လိုလားသော သူများကို မဲမပေးဘဲ တခြား ပါတီများမှ ကိုယ်စားလှယ်များကို မဲပေးမည် စိုးရိမ်သဖြင့် ယခုကဲ့သို့ ပြည်ထဲရေး ဒုဝန်ကြီး ဖုန်းဆွေ ကိုယ်တိုင် မူဆလင် စီးပွားရေး သမားများနှင့် လာပြီး စည်းရုံးရေး လာလုပ်နေခြင်း ဖြစ်သည်ဟု သိရသည်။

မောင်တောနှင့် ဘူးသီးတောင်ရှိ မူဆလင် ဘာသာဝင်များကို နအဖ စစ်အစိုးရမှ အဖြူရောင် ဧည့်နိုင်ငံသား ကဒ်ပြားများကိုသာ ထုတ်ပေးထားသော်လည်း ရွှေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် ပြုထားသည်ဟု သိရသည်။

Most read this week