ရွေးကောက်ပွဲကို မျှော်လင့်ချက်မရှိသည့် ရခိုင်ပြည်သူတချို့

ရွေးကောက်ပွဲကို မျှော်လင့်ချက်မရှိသည့် ရခိုင်ပြည်သူတချို့
by -
မာမာကျော်ဇော
ရခိုင်ပြည်နယ်အတွင်း နေထိုင်သူ ပြည်သူတချို့က စစ်အစိုးရ ဦးဆောင်ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲအပေါ် မျှော်လင့်ချက်ကင်းမဲ့နေသည့်အပြင် စိတ်ဝင်စားမှု မရှိကြောင်း...

ရခိုင်ပြည်နယ်အတွင်း နေထိုင်သူ ပြည်သူတချို့က စစ်အစိုးရ ဦးဆောင်ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲအပေါ် မျှော်လင့်ချက်ကင်းမဲ့နေသည့်အပြင် စိတ်ဝင်စားမှု မရှိကြောင်း ပြောဆိုနေကြသည်။  

မြို့တော် စစ်တွေ နှင့် မောင်းတော နေထိုင်သူ အစိုးရဝန်ထမ်း၊ ကုန်သည်ပွဲစား၊ အလုပ်သမားနှင့် ကောလိပ်ကျောင်းသားတချို့က ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတချို့ ထွက်ပေါ်လာပြီးနောက် ယခုလို မှတ်ချက်ပေး ပြောဆိုလိုက်ခြင်း ဖြစ်သည်။  

စစ်တွေမြို့က ပွဲရုံအလုပ်သမားတဦးက နေ့စဉ်စားဝတ်နေရေးအတွက် ရုန်းကန်နေရပြီး၊ အနာဂတ်မျှော်လင့်ချက် တစုံတရာ ပေးစွမ်းနိုင်ခြင်း မရှိသည့် ရွေးကောက်ပွဲအဖြစ် ယူဆသည့်အတွက် စိတ်ဝင်စားမှုမရှိကြောင်း ယခုလို ပြောသည်။

“ကျွန်တော်တို့ဘဝက တနေ့လုပ်မှ တနေ့စားဖို့မလောက်တာမို့၊ ဒီထက်ဆိုးတဲ့ ဘဝဆိုတာ မရှိတော့ဘူးလို့ ယူဆထားတယ်လေ။ ဘာမှအနာဂတ်မရှိ၊ မျှော်လင့်ချက်ထားလို့မရတဲ့ ရွေးကောက်ပွဲကို လုံးဝ စိတ်ဝင်စားမှုမရှိဘူး” ဟု ဆိုသည်။  

ကျောင်းဆရာမတဦးဖြစ်သည့် ဆရာမခိုင်ဖြူချေကလည်း ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်သူအများက မသိရှိသေးသည့်အတွက် စိတ်ဝင်စားမှုလည်း ပြသခြင်း မရှိကြောင်း ယခုလို ပြောသည်။  

“တချို့ စိတ်ဝင်စားပြီး ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ ဝေဖန်ချက်၊ သုံးသပ်ချက်တွေ ပေးနေပေမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြည်ထဲမှာ ပြောပိုင်ခွင့်တွေလည်း ပိတ်ပင်ထားတော့ ပါးစပ်မဖွင့်ရဲကြဘူး” ဟု ပြောသည်။  

၂၀၀၉-၂၀၁၀ ခုနှစ်၊ ပညာသင်နှစ်အတွင်း ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့အတွင်း မှာပင် လျှပ်စစ်မီးရရှိမှု အခြေအနေမှာ ယမန်နှစ်ကထက် ပိုမိုဆိုးရွားလာသည့် အတွက် ကျောင်းသူ၊ ကျောင်းသားများ အတန်းတင်စာမေးပွဲအတွက် အခက်အခဲများ ကြံုတွေ့နေရကြောင်း သိရသည်။

ယခုလဆန်းပိုင်းက ရွေးကောက်ပွဲဥပဒေများ စတင်ထွက်လာခဲ့စဉ်က စစ်တွေမြို့ လူစည်ကားကာ အရပ်ဖြစ်သည့် လောကနန္ဒစေတီတော်နှင့် မျက်နှာခြင်းဆိုင် မေယုစျေး အတွင်း ဘုရားဖူးများ၊ စျေးသည်များနှင့် စည်ကားလျှက်ရှိရာ ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများကို လမ်းဘေးက လဘက်ရည်ဆိုင်များတွင် တီးတိုး ဆွေးနွေးမှုများ ရှိခဲ့ကြောင်း သိရသည်။

အချို့ကမူ မဲဆွယ်ကြမည့် ပါတီများက ပေးလာမည့် အခွင့်အရေးများကို ပြည်သူတယောက်အနေဖြင့် လက်လွှတ်မခံပဲ ယူသင့်သည်ဟု မေယုစျေးက ဆေးဆိုင်ပိုင်ရှင် တဦးက သူ၏ထင်မြင်ယူဆချက်ကို ယခုလို ပြောဆိုသည်။  

“ဥပဒေထွက်လာပြီဆိုရင်တော့ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေက မဲဆွယ်တဲ့အချိန်မှာတော့ ပြည်သူတွေအလုပ် လုပ်ပြကြတော့မယ်။ ကိုယ်တို့အတွက်ရတဲ့ အခွင့်အရေးကိုတော့ လက်လွှတ်ခံလို့ မရတော့ဘူး။ ရတဲ့အချိန်မှာယူ။ ဒီလိုမျိုး နောက်ထပ်တကြိမ် မလာတော့ဘူး” ဟု ပြောသည်။  

လတ်တလောက စစ်တွေမြို့အခြေစိုက်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ပါတီဝင်များက မြန်မာ-မူဆလင်အများစု နေထိုင်သည့် ကျေးရွာများတွင် လူတဦးကို မြန်မာကျပ်ငွေ ရ၀၀ ဖြင့် ရွေးကောက်ပွဲပြုလုပ်သည့်အခါ မဲပေးရန် စည်းရုံးသော်လည်း ၎င်းတို့က လက်မခံ ငြင်းပယ်ကြသည်။  

အလားတူ စစ်တွေမြို့၊ စစ်အစိုးရ ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး (ပြည်ခိုင်ဖြိုး) အဖွဲ့က မြို့အတွင်းရှိ လူထုများကို တဦးလျှင် ကျပ်ငွေ ၃၀၀ ဖြင့် စတင်စည်းရုံးလုပ်ဆောင်နေကြောင်း သိရသည်။  

ယခုလဆန်းပိုင်းတွင် ရခိုင်ပြည်နယ်၊ သံတွဲနှင့် မြောက်ဦးမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးခန်းအချို့ကို ဖွင့်ခွင့်ပေးခဲ့သော်လည်း ကော်မတီအဖွဲ့ဝင် ၅ ဦးမပြည့်သည့် ရုံးခန်းများကိုမူ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိပေ။  

စစ်အစိုးရက ထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် တရားမျှတမှုမရှိသည့်အပြင်၊ ကန့်သတ်မှုများဖြင့် ပြုလုပ်နေကြောင်း ပြည်တွင်း၊ ပြည်ပ မြန်မာ့အရေး လုပ်ဆောင်သူများက ဝေဖန်ကြသည်။

ပြည်ပအခြေစိုက် မြန်မာ့ဒီမိုကရေစီအင်အားစုများကလည်း တရားမျှတမှုမရှိသည့် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ပြောဆိုနေကြသည်။  

သို့သော် အချို့နိုင်ငံရေးပါတီများကမူ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန် ဆိုင်းပြင်းနေကြသည်။  

စစ်အစိုးရ ဦးဆောင်ပြုလုပ်မည့် ရွေးကောက်ပွဲပြီးဆုံးသော်လည်း ပြည်သူများအကြား တစုံတရာကျေနပ်မှု မရှိဘဲ လမ်းပေါ်ထွက် ဆန္ဒပြ မှုများ ဖြစ်ပေါ်လာပါက တိုင်းပြည်မငြိမ်မသက် ဖြစ်ကာ ကျောင်းများ၊ တက္ကသိုလ်များ ပိတ်ရမည်ကို စိုးရိမ်ကြောင်း စစ်တွေအခြေစိုက် စက်မှုနည်းပညာတက္ကသိုလ်၊ ကျောင်းသားတဦးက စိုးရိမ်စိတ်ဖြင့် ယခုလို ပြောဆိုခဲ့သည်။  

“ကျောင်းတွေပိတ်လိုက်ရရင် ကျောင်းသားဘဝက ဘာအလုပ်အကိုင်မှ မရှိဘဲ ယောင်လည်လည်နဲ့ နေရပြီး၊ အသက်တွေကြီးကုန်တာနဲ့ အိမ်မှာ စီးပွားရေး အဆင်မပြေ တာတွေ၊ နောက်ပိုင်းကျောင်းပြန်တက်ရင်လည်း ပညာရေး စိတ်မဝင်စားတဲ့အတွက် တပိုင်းတစနဲ့ နေခဲ့ကြတဲ့ လူတွေကို ကြည့်ပြီး အရမ်းအားငယ်တယ်” ပြောသည်။  

စစ်တွေမြို့၊ စည်ပင်သာယာနယ်နိမိတ်စျေးအတွင်း ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်ဘုမကြီးကမူ “ဥပဒေကိုလည်း စိတ်မဝင်စားဘူး၊ ဘယ်မင်းမျိုးပဲ တက်လာလာ၊ စားဝတ်နေရေး၊ သက်သာချောင်ချိဖို့က အရေးကြီးတယ်၊ အာဏာကိုမက်လို့ နေရာလိုချင်ကြရင် ပြည်သူတွေကို လုပ်ပေးကြပေါ့” ဟု ပြောဆိုခဲ့သည်။

သူမက “ဘယ်သူတွေကို ယုံစားလို့ရမှာလည်း၊ စစ်အစိုးရမကောင်းလို့ပြောရင် နောက်ထပ်တက်လာတဲ့ အစိုးရက ဒီထက်မဆိုးဘူးလို့ ဘယ်သူက အာမခံပေးနိုင် လို့လည်း” ဟု မှတ်ချက်ပေး ပြောဆိုသည်။  

ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လုပ်ဆောင်သူများက စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေသည် ထူးခြားမှုမရှိသည့်အတွက် တိုင်းပြည်နှင့် ပြည်သူလူထုအတွက် ပြောင်းလဲမှု တစုံတရာ ပေးနိုင်မည်မဟုတ်ကြောင်း ယုံကြည်ထားကြသည်။

Most read this week