ဗုဒ္ဓဘာသာဝင်တို့ မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဆုတောင်း

ဗုဒ္ဓဘာသာဝင်တို့ မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဆုတောင်း
by -
ဆိုင်းမိုင်
မြန်မာပြည်လူထုဘဝ ငြိမ်းချမ်းသာယာရေးနှင့်  ဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်သူ တစုက ယနေ့ ကမ္ဘာလုံးဆိုင်ရာ ဆုတောင်းပွဲ နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင်....

မြန်မာပြည်လူထုဘဝ ငြိမ်းချမ်းသာယာရေးနှင့်  ဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်သူ တစုက ယနေ့ ကမ္ဘာလုံးဆိုင်ရာ ဆုတောင်းပွဲ နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် မေတ္တာပို့ အမျှပေးဝေကြသည်။  

စစ်အာဏာရှင်စနစ်ကိုဖျက်သိမ်း၍ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ထောင်ကာ ငြိမ်းချမ်းသာယာသော ဒီမိုကရေစနစ် ထူထောင်နိုင်ရေး အတွက် ဆုတောင်းပွဲ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ချင်းမိုင်အခြေစိုက်၊ အမျိုးသားကျန်းမာရေးနှင့် ပညာပေးရေးကော်မတီ (NHEC)၊ အုပ်ချုပ်ရေးမှူး ဦးရီထွန်းက နိုင်ငံတကာမြန်မာသတင်းအဖွဲ့ - BNI ကို ယခုလိုပြောသည်။  

“မြန်မာပြည်သူပြည်သားများ တော်လှန်ရေး အင်းအားစုများအားလုံး စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းပြီးတော့ မြန်မာပြည် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် ရည်ရွယ် ဆုတောင်းတာဖြစ်ပါတယ်” ဟု ပြောသည်။

သူက “ကျနော်တို့မြန်မာနိုင်ငံဟာ မငြိမ်းချမ်းသေးပါဘူး။ နယ်စပ်မှာ ကရင်လူမျိုးတွေ ထိုးစစ်ခံရလို့ ထွက်ပြေးနေတာတွေ ရှိနေပါသေးတယ်” ဟု ပြောသည်။  

NHEC ကို ၁၉၆၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး၊ မြန်မာနိုင်ငံသားများ ကျန်းမာရေးနှင့် ပညာရေး အခြေခံလိုအပ်ချက်များကို မြှင့်တင်ပေးနေသည့် အဖွဲ့အစည်းတခု ဖြစ်သည်။  

နှစ်စဉ် မတ်လ၊ ဒုတိယအပတ်ကို မြန်မာပြည်အတွက် ကမ္ဘာလုံးဆိုင်ရာ ဆုတောင်းပွဲနေ့အဖြစ် ‘မြန်မာပြည်အတွက် ခရစ်ယာန်ဘာသာဝင်များ စာနာမှုအဖွဲ့’ (CCB) သတ်မှတ်ခဲ့ရာ ယနေ့တွင် NHEC အဖွဲ့က ဦးဆောင်ကာ ချင်းမိုင်အခြေစိုက် ၀ပ်နောင်ခမ်း ပအိုဝ်းဘုန်းကြီးကျောင်းက ဘုန်းကြီး ၅ ပါးကိုဖိတ်ကြားကာ မေတ္တာပို့ ရေစက်ချ အမျှပေးဝေသည်။  

“ဆုတောင်းပွဲလုပ်လာတာ ၁၀ နှစ်လောက်ရှိပါပြီ။ အဓိကတော့ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်အောင် ဆုတောင်းတာ။ ဘယ်လောက် အောင်မြင်တိုးတက်လာတယ်ဆိုတာ စစ်ရေး၊ စစ်မျက်နာလို၊ သံတမန်စစ်မျက်နာလိုမျိုး တိုင်းတာလို့မရပါဘူး။ ဘာသာရေးယုံကြည်ချက်နဲ့ သွားရတာမျိုးပါ” ဟု ဦးရီထွန်းက ဆိုသည်။  

ကမ္ဘာလုံးဆိုင်ရာ ဆုတောင်းပွဲကို ကနေဒါနိုင်ငံ အပါအဝင်၊ သြစတေးလျား၊ နော်ဝေး စသည့် နိုင်ငံရပ်ခြားတွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများက မိမိကိုးကွယ်ရာ ဘာသာအလိုက် ဆုတောင်းပွဲများ ပြုလုပ်ကြသည်။  

“ပြည်ပရောက် မြန်မာပြည်သူ၊ ပြည်သားများနဲ့ အဖွဲအစည်းတွေကလည်း ပြည်တွင်းက မြန်မာပြည်သူ ပြည်သားများနည်းတူ တိုက်ပွဲဝင်နေကြပါတယ်” ဟု ဦးရီထွန်းက ပြောသည်။

Most read this week