ကျောက်စိမ်း အတုကြောင့် ပွဲစားများ စိုးရိမ်မှု တိုးပွား

ကျောက်စိမ်း အတုကြောင့် ပွဲစားများ စိုးရိမ်မှု တိုးပွား
by -
ဆိုင်းမိုင်
တရုတ်-မြန်မာကျောက်စိမ်း စျေးကွက်တွင် ကျောက်စိမ်းအတုများ နည်းမျိုးစုံဖြင့် ယခင်ကထက် ပိုမိုဝင်ရောက်လာမှုကြောင့် ကျောက်စိမ်းပွဲစားများအကြား စိုးရိမ်မူများ...

တရုတ်-မြန်မာကျောက်စိမ်း စျေးကွက်တွင် ကျောက်စိမ်းအတုများ နည်းမျိုးစုံဖြင့် ယခင်ကထက် ပိုမိုဝင်ရောက်လာမှုကြောင့် ကျောက်စိမ်းပွဲစားများအကြား စိုးရိမ်မူများ တိုးပွားလာနေသည်။

ကျောက်စိမ်းအတု လက်ခံမိသည့်အတွက် ငွေကြေး ဆုံးရှံုး နစ်နာသည့် အတွေ့အကြံုရှိခဲ့ဘူးသူ ၀ါရင့်ကျောက်စိမ်းကုန်သည်လည်းဖြစ်၊ ပွဲစားလည်းဖြစ်သူ ဦးအာဆီက ချင်းမိုင်အခြေစိုက် နိုင်ငံတကာမြန်မာသတင်း - BNI ကို ယခုလိုပြောသည်။  

“ကျွန်တော်တို့ ပွဲစားတွေဟာ ငွေအရင်းအနှီး မရှိလို့ ပွဲစားလုပ်တာပါ။ နာမည်ကောင်းတစ်ခုနဲ့ပဲ အလုပ်လုပ်စားရတော့ ထောင်ထဲရောက်သွားတဲ့ ကျွန်တော်ရဲ့ ဘဝဟာ လူတွေအထင်လွဲစရာ ဖြစ်စေပါတယ်” ဟု ပြောသည်။

သူက “ဒီအဖြစ်အပျက်ဟာ ကျနော့် ကျောက်လောကမှာ ပထမဆုံးအကြိမ် ကြံုရခြင်းဖြစ်တယ်။ တသက်တော့ မမေ့တော့ဘူး” ဟု မမျှော်လင့်ဘဲ မိသားစု စားဝတ်နေရေး အဆိုးဆုံးအချိန်ထိ ရောက်ရှိခဲ့ရပုံ အတွေ့အကြံုကို စိတ်မကောင်းစွာ ပြန်လည်ပြောပြသည်။

တရုတ်-မြန်မာနယ်စပ် ရင်ကျန်းမြို့တွင် အထိုင်ချ ကျောက်စိမ်းပွဲစား လုပ်ကိုင်နေသည်မှာ ၂ နှစ်ရှိပြီဖြစ်သော်လည်း နှစ်ပေါင်း ၃၀ နီးပါး ကျောက်စိမ်းအရောင်းအဝယ် အတွေ့အကြံုရှိသူ ဦးအာဆီတယောက် ကျောက်စိမ်းအတုပိုင်ရှင်တဦးနှင့် အမှတ်မထင် တွေ့ဆုံခဲ့ပြီးနောက် နှစ်ပေါင်းများစွာ စုဆောင်းထားသည့် ပိုင်ဆိုင်မှုများ လုံးဝ ဆုံးရှံုးခဲ့ရသည်။

တနေ့တွင် အဝတ်အစားခပ်နွမ်းနွမ်း၊ တရုတ်နိုင်ငံသား၊ ကချင်လူငယ်တဦးနှင့် ဆုံသည်။ သူနှင့် မရင်းနှီးသော်လည်း ကျောက်စိမ်း အရောင်းအဝယ်ကိစ္စတွင် သူ့ကို မျက်မှန်းတမ်းမိသည်။

ယခုတခေါက် သူယူလာသည့် ကျောက်စိမ်းက အဆင့်မြှင့်သည်။ ကျောက်စိမ်းကို စိတ်ဝင်စားသည့် တရုတ်ကျောက်စိမ်း သူဌေးတဦးက မျက်စိကျသဖြင့် ပိုင်ရှင်အဆို တရုတ်ယွမ်ငွေ ၄ သိန်းကို နောက်ဆုံး ၂ သိန်း ၂ သောင်းဖြင့် စျေးညှိကာ သဘောတူသည့်အနေဖြင့် ကျောက်ကို တိတ်နှင့် သေချာပတ်ပြီး ၀ယ်ယူမည့်သူက တိတ်ပတ်ထားသည့် ကျောက်စိမ်းတုံးပေါ်တွင် လက်မှတ်ထိုးခြင်းဖြင့် အမှတ်အသားပြုခဲ့သည်။

တိတ်ပတ်ထားသည့် ကျောက်စိမ်းကို ပိုင်ရှင်က ထိုနေ့မှာပင် ပြန်ယူသွားသည်။

နောက်တနေ့တွင် တရုတ်သူဌေးက တရုတ်ယွမ် ၂ သိန်း ၂ သောင်းကို အပြီးချေပြီး၊ အရောင်းအဝယ်ဖြစ်သွားသည့်အတွက် ကျောက်ပိုင်ရှင်နှင့် ၀ယ်ယူသူ သူဌေးဆီက ပွဲခ ၅၅၀၀ ယွမ်ရရှိခဲ့သည်။

၂ ရက်အကြာ၊ နံနက်စောစောတွင် နေအိမ်ကို ရဲများရောက်ရှိလာပြီး သူ့အား ရန်ကျင်းအချုပ်ခန်းကို ရဲကားဖြင့် ခေါ်ထုတ်သွားသည်။ ပတ်ဝန်းကျင်က လူအများက ၀ိုင်းကြည့်နေခဲ့သည်။

စခန်းရောက်မှသာ ကျောက်စိမ်းအတုကြောင့် အဖမ်းခံရခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ တလတိတိ အချုပ်တွင် နေခဲ့ရသည်။ နောက်ဆုံးတွင် မြန်မာနိုင်ငံရှိ နေအိမ်ကို အတိုးနှုန်း ၁၂ ရာခိုင်နှုန်းဖြင့် ပေါင်နှံထားခဲ့ကာ၊ အာမခံငွေ တရုတ်ယွမ် ၅ သောင်းပေးပြီးနောက် အချုပ်နှောင်ဘဝက လွတ်မြောက်လာခဲ့သည်။

တရုတ်အာဏာပိုင်များက ကျောက်စိမ်းပိုင်ရှင်တွေ့ပါက တရုတ်ယွမ်ငါးသောင်းကို ပြန်အမ်းမည်ဟု ပြောဆိုခဲ့သည့်အတွက် နောက်ဆုံးတွင် ကျောက်စိမ်းပိုင်ရှင်ကို ပြန်လည်ဖမ်းနိုင်ခဲ့ပြီး၊ ယွမ် ငါးသောင်းကို ပြန်လည်ရရှိခဲ့သည်။

သို့သော် အတိုးနှုန်းဖြင့် ချေးယူထားသည့် အိမ်ကို ပြန်လည်ရွေးယူရန် ငွေကြေးမလုံလောက်သည့်အဆုံး စျေးနှုန်းသက်သက်သာသာဖြင့် ရောင်းထုတ်လိုက်ရပြီး ယခုအခါ အိမ်ဌားဘဝဖြင့် နေရသည်။

ကျောက်စိမ်းပွဲစားတဦးကလည်း “ကျောက်စျေးကွက်မှာ ကျောက်စိမ်းအတုပေါ်လာခြင်းဟာ ကျွန်မတို့ ပွဲစားတွေအတွက်  အချိန်တွေ၊ လူတွေ ပိုက်ဆံတွေ အများကြီး နစ်နာဆုံးရှုံးမူတွေရှိပါတယ်” ဟု ပြောပြီး၊ “အချိန်ဆုံံးရှုံးတာဟာ ဘာနဲ့မှ လဲလို့မရပါဘူး” ဟုလည်း မှတ်ချက်ပေးသည်။

ကျောက်စိမ်းအတုကို နည်းမျိုးစုံအသုံးပြု ဖန်တီးရာတွင် ကျောက်အရိုင်းတုံးကို ဒေါင်းသည်းခြေနှင့် အက်စစ် ရောနှောကာပြုလုပ်ခြင်း၊ ကျောက်မီးဖုတ်တိုက်ခြင်း၊ ကျောက်အနာအဆာများကို သွားတိုက်ဆေး (အစိမ်းရောင်) အသုံးပြုခြင်းအပြင် အခြားနည်းလမ်းများကိုလည်း အသုံးပြုလေ့ရှိသည်။

ကျောက်စိမ်းအတုကို ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ ဘီလူးမြို့၊ မော်လူး၊ မော်ဟန်း နှင့် အခြားဒေသတချို့တို့တွင် ပြုလုပ်ကြသည်။

တရုတ်-မြန်မာ နယ်စပ်တွင် ကျောက်စိမ်း အတု၊ အစစ် စစ်ဆေးရန် ခေတ်မှီစက်များ မရှိသည့်အတွက် ယခုအခါတွင်၊ ခွဲခြားသိနိုင်ရန် ခက်ခဲကြောင်း မြန်မာပွဲစားများက ဆိုသည်။

“အခုလိုတရုတ်ပြည်လို နိုင်ငံမျိူးမှာ အချိန်အများကြီး ရင်းနှီးပြီးမှ ယုံကြည်မူရတာပါ။ ဒီမှာက ယုံကြည်မှုတစ်ခုနဲ့အလုပ်လုပ်နေတာပါ။ အကျင့်စာရိတ္တ ကောင်းကောင်းနဲ့ လုပ်စားနေတဲ့လူတွေဆိုရင် ဒီလိုအမှားအယွင်းရှိလာတော့ အချိန်တွေဆုံးရှုံးရတယ်” တရုတ်-မြန်မာနယ်စပ်ရှိ၊ ရင်ကျန်းမြို့အထိုင် ပွဲစားတဦးက ပြောသည်။

တရုတ်-မြန်မာနယ်စပ်ရှိ ကျောက်စိမ်းစျေးကွက်သည် တရားမဝင် ရောင်းဝယ်ဖောက်ကားနေခြင်းသာ ဖြစ်သည့်အတွက် တရုတ်ကုန်သည်အများစုက မြန်မာ ကျောက်စိမ်း များကို စျေးနှိမ်ကာ ၀ယ်ယူလေ့ရှိကြောင်း မြန်မာပွဲစားများက ဆိုသည်။

ကျောက်စိမ်းအတုများကို တရုတ်ပြည် စျေးကွက်တွင် ရောင်းချရာတွင် ရင်ကျန်းနှင့် ရွှေလီမြို့ တို့တွင် ကျောက်စိမ်းရောင်းဝယ်ရေးမှာ ကွာဟချက်ရှိသည်။

“ရွှေလီကအတုဆိုရင် အတုပြောရောင်းလို့ရတယ်။ ဘာလို့ လည်းဆိုတော့ သူတိ့့ုက ပန်းပုထုဖို့ လုံးချောတွေကို လမ်းဘေးမှာ အတုစျေးဆို အတုစျေးဆိုပြီး ရောင်းလို့ ရတယ်” ရွှေလီ ကျောက်စိမ်းစျေးကွက်တွင် ပွဲစားလုပ်ကိုင်နေသည့် အမျိုးသမီးတဦးက ဆိုသည်။

၂၀၀၈ ခုနှစ်၊ ဇွန်လတွင် အမေရိကန်သမ္မတဟောင်း ဂျော့ချ်ဘွတ်ရှ် အစိုးရ လက်ထက်တွင် ၂၀၀၇ ခုနှစ်၊ သံဃာတော်များဦးဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို အကြမ်းဖက်ဖြိုခွင်းခဲ့သည့်အတွက် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့အရေးယူသည့်အနေဖြင့် မြန်မာနိုင်ငံထွက်၊ ကျောက်စိမ်း၊ ရတနာများကို ပြည်ပတင်ပို့ရောင်းချမှု ပိတ်ပင်ခဲ့သည်။

၂၀၀၉ ခုနှစ်၊ အောက်တိုဘာလမှ နိုဝင်ဘာလအတွင်း ၁၃ ရက်ကြာ ပြုလုပ်ခဲ့သည့် ကျောက်စိမ်းနှင့် ကျောက်မျက်ပြပွဲတွင် ရရှိခဲ့သည့် ငွေကြေး ပဏာမမှာ ယူရို ၉၆ ဒဿမ ၅ သန်း (အမေရိကန်ဒေါ်လာ ၁၂၀.၅ သန်း) ဖြစ်သည်။

လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်၊ မတ်လပိုင်း ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ၁၃ ရက်ကြာ ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာပြပွဲမှ ယူရို ၁၄၀ သန်းဖိုး ရောင်းချနိုင်ခဲ့ပြီး၊ ထိုကျောက်မျက်ပြပွဲတွင် တက်ရောက်လာသူ ကျောက်ကုန်သည် စုစုပေါင်း ၃၀၀၀ ကျော်တွင် အများစုမှာ တရုတ်နိုင်ငံနှင့် ဟောင်ကောင် နိုင်ငံတို့က ကုန်သည်များ ဖြစ်သည်။

မည်သို့ပင် အမေရိကန်အစိုးရက ကျောက်စိမ်း၊ ကျောက်မျက်ရတနာများကို ပြည်ပတင်သွင်းခွင့် ပိတ်ပင်ခဲ့သော်လည်း  စစ်အစိုးရသည် တရားမဝင် လမ်းကြောင်း ဖြစ်သည့် တရုတ်-မြန်မာနယ်စပ်တလျှောက် ကျောက်စိမ်း၊ သစ် များနှင့် အခြား သစ်တောထွက် ပစ္စည်းများကို ထုတ်လုပ်ရောင်းချ နေဆဲဖြစ်သည်။

ယခုလို ကျောက်စိမ်းအတုများ တရုတ် စျေးကွက်အတွင်း တရားမဝင် ပိုမိုတိုးပွား ရောက်ရှိလာနေခြင်းဖြင့် ကျောက်စိမ်းစျေးကွက်ကို ထိခိုက်စေလိမ့်မည် မဟုတ်ကြောင်း မြန်မာကျောက်စိမ်း ပွဲစားများက ဆိုသည်။

ထို့အတူ ကျောက်စိမ်းအတုလုပ်ငန်းကိုလည်း မြန်မာနိုင်ငံတွင် ပျောက်ကွယ်သွားသည်အထိ နှိမ်နင်းရန်အလွန်ခက်ခဲကြောင်း ကျောက်ကုန်သည်တဦးက သူ၏အမြင်ကို ယခုလို သုံးသပ်ပြောဆိုလိုက်သည်။

“မြန်မာနိုင်ငံမှာ ကျောက်စိမ်းအတု လုပ်တာနဲ့ ပတ်သက်ပြီး ဖမ်းဆီးအရေးယူတာလည်း မရှိဘူး။ နောက်ရှိလာခဲ့မယ်ဆိုလည်း ထိရောက်တဲ့ အရေးယူမှုတွေ ဖြစ်လာ၊ မလာ စောင့်ကြည့်ရအုံးမယ်ထင်ပါတယ်” ဟု ၀ါရင့် ကျောက်စိမ်းပညာရှင်တဦးက ဆိုသည်။

ကျောက်စိမ်းအတုကြောင့် ဘဝတကွေ့ အချိုးတွင် ပြောင်းလဲသွားသူ ဦးအာဆီ (အသက် ၅၂) ကမူ ကျောက်စိမ်းပွဲစားလုပ်ငန်းသည် သူဝါသနာပါသည့် လုပ်ငန်းဖြစ်သည့် အပြင် ကျွမ်းကျင်သည့် အလုပ်ဖြစ်နေသည့်အတွက် နောက်ဆုတ်ခြင်း မရှိဘဲ၊ ဆက်၍ လုပ်ဆောင်သွားနေဆဲဖြစ်ကြောင်း သူ၏ ခံစားချက်ကို ယခုလို ဖွင့်ဟပြောဆို လိုက်သည်။

“အခုနောက်ပိုင်းဆို ပိုသတိထားပြီး လုပ်ကိုင်တော့မယ်။  ဘယ်သူဆီက ဘာပစ္စည်း  လာအပ်အပ် ကျွန်တော်အရင်ဆုံးကြည့်မယ်။ ကိုယ့်ဆီ ရောက်လာတဲ့ ကျောက်ကို အရည်မှန်လား။ ကျောက်အသားက ဘယ်လိုရှိလဲအရင်စစ်ဆေးပြီးမှ လက်ခံသင့်တယ်။ ကိုယ်မသင်္ကာဘူးဆို တိုင်ပင်ရတာပေါ့” ဟု ပြောသည်။

နိဂုံးချုပ်ပြောဆိုရာတွင် “ကျွန်တော့်အတွက် သင်ခန်းစာတစ်ခုနဲ့  ဘဝမှာ မမေ့နိင်တဲ့အရာပါ” ဟု ဦးအာဆီက ပြောသည်။

Most read this week