မလေးရှား ထိန်းသိမ်းရေး စခန်းများတွင် ကျန်းမာရေး အခက်အခဲ ဖြစ်နေ

မလေးရှား ထိန်းသိမ်းရေး စခန်းများတွင် ကျန်းမာရေး အခက်အခဲ ဖြစ်နေ
by -
ဇော်ကြီး
မလေးရှားနိုင်ငံ၏ တရားမဝင်နိုင်ငံခြားသားဖမ်းဆီးရေးစီမံချက်ဖြင့် အဖမ်းခံရသူများသည် ယာယီထိန်းသိမ်းရေး စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုမရဘဲ အခက်အခဲ ဖြစ်နေကြ ...

မလေးရှားနိုင်ငံ၏ တရားမဝင်နိုင်ငံခြားသားဖမ်းဆီးရေးစီမံချက်ဖြင့် အဖမ်းခံရသူများသည် ယာယီထိန်းသိမ်းရေး စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုမရဘဲ အခက်အခဲ ဖြစ်နေကြသည်။

ကွာလာလမ်ပူ လေယာဉ်ကွင်းအနီးရှိ KNLA စခန်းတွင်း အထိန်းသိမ်းခံထားရသူများအနက် ကလေးငယ်များ ပါ၀င်ပြီး ပြည်တည်နာများဖြစ်ပွားကာ သက်ဆိုင်ရာမှ ကြည့်ရှုစောင့်ရှောက်မှု မရှိသည့်အတွက် အခက်အခဲဖြစ် နေကြသည်ဟု အဖမ်းခံထားရသူတစ်ဦးက ယခုလို ပြောသည်။

“ဒီမှာက ကျန်းမာရေး တော်တော်ဆိုးနေတယ်။ ကျနော်တို့ကအခု အနာတွေပေါက်နေလို့ ပြည်တည် နေလို့ အနာခြောက်ဆေးတောင်းတာမရဘူး။ တချို့ခလေးငယ်ငယ်လေးတွေလည်း ရှိတယ်။ ၁၂ နှစ် သားအရွယ်လေးတွေလည်းရှိတယ် အဲဒီကလေးတွေဆိုလည်း လုံးဝ စကားလည်းပြောလို့မပီဘူး။ ခြေ ရောလက်ရောဖြစ်နေတာ။ သူတို့ ကျန်းမာရေးဌာနက လာမယ် ပြောယုံပဲရှိတယ်။ တစ်ခါမှမလာဘူး။ ဘာမှမလုပ်ပေးဘူး။”

အဖမ်းခံရသူများအနက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR လက်မှတ် ကိုင်ဆောင်ထား သူများ ပါ၀င်သည်ဟု ၎င်းကဆက်ပြောသည်။

“လျှောက်လွှာတင်ထားတဲ့သူတွေအားလုံးပေါင်း ၅၀ ကျော်ကျော်လောက်ရှိတယ်။ အလွတ်က အားလုံး ပေါင်း ၃၀ လောက်ရှိတာပေ့ါ။ UN ကဒ်ကိုင်ထားတဲ့သူတွေ လည်းပါတယ်။  UN က ဘာမှလာမလုပ် ပေးဘူး။ UN ကမလာတာ သုံးလကျော်နေပြီ။”

စခန်းအတွင်း အထိန်းသိမ်းခံထားရသူ အလွန်များပြားနေ၍ နေရာအခက်အခဲဖြစ်နေရသည်ဟု ဆက်ပြောသည်။

“သူထားထားတာက ကျနော်တို့ လမ်းလျှောက်ချင်လို့တောင် လျှောက်လို့မရဘူး။ညောင်းလို့ လမ်း လျှောက် ချင်တာတောင်မှ လူတအားများလို့ လမ်းလျှောက်လို့မရဘူး။ ကမ့်ထဲမှာ လူတအားပြည့်နေ တယ်။ အိပ်ဖို့ဆိုတာတော့ မပြောနဲ့တော့ ဘယ်ဖက်ကနေ ညာဖက် ပြောင်းချင်ရင်တောင် ထပြီးပြန် ပြောင်းရတယ်။ တော်တော် အခက်အခဲဖြစ်တယ်။”

ထို့ပြင် အစားအသောက်နှင့် သောက်သုံးရေသန့်ရှင်းမှုမရှိသည့် အတွက် အခက်အခဲ ဖြစ်ကြရပြီး ၀ယ်စားပါက အ ပြင်စျေးထက် နှစ်ဆကျော်ပေးရသည်ဟု သိရသည်။

ယခုတစ်လော မြို့တွင်းနေရာ တော်တော်များများတွင် အဖမ်းအဆီးများနေပြီး အထိန်းသိမ်းခံထားရသူများ၏ ကျန်းမာရေးနှင့်ပတ်သက်၍ UNHCR မှ ကူညီပေး နိုင်ရန် ၎င်းတို့အဖွဲ့က တောင်းဆိုထားသည်ဟု  ကိုအောင် ကျော်ဆက်က ပြောသည်။

မလေးရှားနိုင်ငံ၌ တရားမဝင်နိုင်ငံခြားသားထိန်းသိမ်းရေးစခန်း (၁၀)ခု ခန့်ရှိပြီး စခန်းတိုင်း၌ ယခုလိုအခက်အခဲ များကြံုနေကြသည်ဟု သိရသည်။
လွန်ခဲ့သည့်လမှစတင်၍ မလေးရှားနိုင်ငံရှိတရားမဝင် နိုင်ငံခြားသားများအား ဖမ်းဆီး၍ မူရင်းဌာနေ နိုင်ငံသို့ပြန် ပို့ရန် မလေးရှားအစိုးရမှ စီမံချက်ချ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်မပို့မီ ယာယီထိန်း သိမ်းရေးစခန်းများတွင် ထားရှိခြင်းဖြစ်သည်။'

Most read this week