ကားတိမ်းမှောက်၍ တစ်ဦးသေ ၅ ဦး ဒဏ်ရာရ

ကားတိမ်းမှောက်၍ တစ်ဦးသေ ၅ ဦး ဒဏ်ရာရ
by -
မင်းအောင်
စစ်တွေ- ရန်ကုန် ကားလမ်းတွင် ခရီးသည်တင် ဘတ်စ်ကားတစီး မတ်လ ၈ ရက်နေ့က တိမ်းမှောက်သွားသဖြင့် လူတစ်ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရရှိသွားကြောင်း သတင်း ရရှိ ...

(နိရဥ္စရာ) စစ်တွေ- ရန်ကုန် ကားလမ်းတွင် ခရီးသည်တင် ဘတ်စ်ကားတစီး မတ်လ ၈ ရက်နေ့က တိမ်းမှောက်သွားသဖြင့် လူတစ်ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရရှိသွားကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသူမှာ ကား ဒရိုင်ဘာ စိုးနိုင် ဖြစ်ပြီး ဒဏ်ရာ ရရှိသွားသူ ခရီးသည် ၅ ဦး၏ အအမည်ကို မသိရှိ ရသေးဟု သိရသည်။

အဆိုပါကားတွင် စစ်တွေမှ ရန်ကုန်သို့ သွားသည့် ခရီးသည်စုစုပေါင်း ၃၁ ဦး စီးနှင်း လိုက်ပါ လာခဲ့ပြီး မြေပုံမြို့နယ် အတွင်း တိမ်းမှောက်သွားခြင်း ဖြစ်သည်ဟု မျက်မြင် တဦးက ပြောသည်။

“တိမ်းမှောက်သွားတဲ့ ကားက စစ်တွေကနေ ရန်ကုန်ကို သွားတဲ့ “ဝေသာလီ” ကားပါ။ မြေပုံမြို့နယ်ထဲမှာ လမ်းချော်ပြီး တိမ်းမှောက် သွားတာ ဖြစ်ပါတယ်။ ကားဒရိုင်ဘာက ပွဲချင်းပီး သေဆုံးသွားပြီးတော့ ခရီးသည် ၅ ဦးဒဏ်ရာရှိသွားပါတယ်။”

တိမ်းမှောက်သောကားမှာ ခရီးသည်တင် “ဝေသာလီ” အမည်တပ်ထားသော ဘတ်စကား ဖြစ်ပြီး ကားအမှတ် ၁ (ခ)/၇၆၄၇ ဖြစ်သည်။

မတ်လ ၈ ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် မြေပုံမြို့နယ် မိုင်တိုင် အမှတ် ၄၆ နှင့် ၄၇ အကြားတွင် တည်ရှိသော တုန်းချောင်း ကျေးရွာအနီးတွင် တိမ်းမှောက်သွားခြင်းဖြစ်သည်။

သေဆုံးသူ ကားဒရိုင်ဘာ၏အလောင်းကို မင်းပြားဆေးရုံးသို့ယူဆောင်ပြီး ဒဏ်ရာရရှိသူများကိုလည်း မင်းပြားဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသပေးနေသည်ဟု သိရှိရသည်။

အဆိုပါ တိမ်းမှောက်သွားသော ဝေသာလီ ကားကုမ္ပဏီမှာ နအဖနှင့် ငြိမ်းချမ်းရေး ယူထားသော ဗမာပြည် ကွန်မြူနစ်ပါတီ ( ရခိုင်ပြည်နယ်) မှ ပြေးဆွဲ နေသော ကား ဖြစ်သည်ဟု သိရှိရသည်။

ယခု ဘတ်စ်ကား တိမ်းမှောက်ခြင်းမှာ စစ်တွေ-ရန်ကုန်အဝေးပြေး ကားလမ်းမတွင် ယခုနှစ်အတွင်း ပထမဆုံး အကြိမ်ဖြစ်သည်။

လွန်ခဲ့သောနှစ်က စစ်တွေ- ရန်ကုန် ကားလမ်းတွင် ကားတိမ်းမှောက်မူ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ခရီးသည် ၅၀ ထက်မနည်း သေဆုံးခဲ့သည်။

ယခုကဲ့သို့ ကားများ ရခိုင်ပြည်နယ်ဘက်ခြမ်းတွင် မကြာခဏ တိမ်းမှောက်နေရခြင်းမှာ ရခိုင်ပြည်နယ်တွင် ဖေါက်လုပ်ထားသော ကားလမ်းများကို စနစ်တကျ မဟုတ်ဘဲ ပြီးစလွယ် ဖေါက်လုပ်ထား၍ ဖြစ်သည်ဟု သိရသည်။

နအဖ စစ်အစိုးရသည် ရခိုင်ပြည်နယ်တွင် သူတို့ အုပ်ချုပ်ရေးကာလအတွင်း ကာလမ်းများ ရထားလမ်းများကို ဖေါက်လုပ်ပေးနိုင်သည်ဟု ပြောဆိုနေသော်လည်း ရခိုင်ပြည်နယ်မှ ကားလမ်းများမှာ နွေရာသီတွင် ဖုံထူပြီး မိုးရာသီတွင် ရွံ့နွံများဖြင့် ဖုံးလွှမ်းနေသဖြင့် ခရီးသွားရာတွင် အထူး အန္တရာယ်များနေရသည်ဟု သိရသည်။

Most read this week