စစ်တွေ မီးအား လျှော့ပေးသဖြင့် စာမေးပွဲ ဖြေမည့် ဆယ်တန်းကျောင်းသားများ အခက်ကြံု

စစ်တွေ မီးအား လျှော့ပေးသဖြင့် စာမေးပွဲ ဖြေမည့် ဆယ်တန်းကျောင်းသားများ အခက်ကြံု
by -
မောင်အေး
စစ်တွေမြို့တွင် လျှပ်စစ်မီးအားကို လျှော့ပေးနေသဖြင့် ၁၀ တန်း ဖြေဆိုမည့် ကျောင်းသားများ စာဖတ်ရန် အခက်တွေ့ နေရကြောင်း စစ်တွေမြို့မှ ကျောင်းသားတဦးက ပြောသည်။ ...

(နိရဥ္စရာ) စစ်တွေမြို့တွင် လျှပ်စစ်မီးအားကို လျှော့ပေးနေသဖြင့် ၁၀ တန်း ဖြေဆိုမည့် ကျောင်းသားများ စာဖတ်ရန် အခက်တွေ့ နေရကြောင်း စစ်တွေမြို့မှ ကျောင်းသားတဦးက ပြောသည်။

“မီးပေးတဲ့နေရာမှာ ဗို့စ်အားကို လျော့ပေးနေတဲ့ အတွက် ကျနော်တို့ ဆယ််တန်းဖြေမယ့် ကျောင်းသားတွေ အနေနဲ့ စာဖတ်တဲ့ နေရာမှာ မမြင်မစမ်းနဲ့ စာဖတ်နေကြရပါတယ်။ ခုလို မီးအားကို လျော့ပေးတာက အရှင် သုမင်္ဂလတရားဟောတဲ့ နေ့ကတည်းက စပြီး ဖြစ်ပါတယ်။”

အရှင်သုမင်္ဂလမှာ စစ်အစိုးရကို ဆန့်ကျင်သော တရားများဟောမူဖြင့် စစ်တွေတွင် တရားဟောခွင့်ကို ပိတ်ပင်ထားခဲ့သည်။ သို့သော်လည်း မြို့သူ မြို့သားများ၏ တောင်းဆိုချက်ဖြင့် အရှင်သုမင်္ဂလ တရားပွဲကို လွန်ခဲ့သော နှစ်ပတ်ကျော် ပြန်လည် ဟောပြောခွင့် ပြုခဲ့သည်။ သို့သော်လည်း အာဏာပိုင်များမှ ပရိသတ်များ တရားပွဲကို မလာရောက်နိုင်အောင် မီးအားကို လျော့ပေးကာ အနှောင့် အယှက် ပြုလုပ်ခဲ့သည်။

“အရှင် သုမင်္ဂလ စစ်တွေ ဝေသာလီကွင်းမှာ တရားဟောတဲ့နေ့ကတည်းက လျှပ်စစ်မီး ၂၂၀ ဗို့စ်က ၁၃၀ ဗို့စ်အား လောက်ကို လျော့ပြီး ပေးတယ်လို့ သိရပါတယ်။ ခုလို လုပ်တာက တရားပွဲကို လူတွေ မလာချင်အောင် လုပ်တဲ့ သဘော ဖြစ်ပါတယ်။ ခုအချိန်ထိ လျှပ်စစ်မီးအားကို ပုံမှန် အတိုင်းရောက်အောင် သက်ဆိုင်ရာက မလုပ်ဘဲ ဗို့စ်အားကို ဆက်လက်ပီး လျော့ပေးနေတုန်း ဖြစ်ပါတယ်။ ခုလို ပေးနေတာ ရက်ပေါင်း၁၀ ကျော်၂၀ လောက်ရှိပြီ။”

စစ်တွေမြို့တွင် ၁၀ တန်း စာမေးပွဲ ဖြေဆိုမည့် ကျောင်းသားများ အတွက် ညနေ ရ နာရီမှ ၁၁ နာရီ ထိ တကြိမ်နှင့် နံနက် ၄ နာရီမှ ၅ နာရီခွဲ ထိ တကြိမ်ကျစီ အာဏာပိုင်များမှ မီးပေးသော်လည်း လျှပ်စစ်မီးအားမှာ အလွန်အားနည်းသည့်အတွက် စာဖတ်ရန် အခက်အခဲ ဖြစ်နေကြခြင်း ဖြစ်သည်။

၎င်းပြင်သူက “ခုပေးနေတဲ့ မီးက ဘာမှလုပ်လို့မရပါဘူး။ မီးလာတယ်လို့ဘဲ ပြောလို့ရပါတယ်။ တီဗွီ၊ ဗွီဒီယို တောင်ကြည့်လို့ မရဘူး။ တချို့ ကျောင်းသားတွေကတော့ ကိုယ့်မီးစက်နဲ့ ကိုယ် ဖတ်ကြပါတယ်။ စာမေးပွဲကလည်း မတ်လ ၁၀ ရက်နေ့မှာ စမယ်ဆိုတော့ ဖြစ်သလို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖတ်ရတာပဲ။” ဟု ပြောသည်။

စစ်တွေတွင် လျှပ်စစ်မီးအား မကောင်းသဖြင့် ဆယ်တန်း ကျောင်းသားများ ၀ယ်ယူမူကြောင့် ဖယောင်းတိုင် စျေးကွက်မှာ အရောင်းသွက်လျှက် ရှိကြောင််း သတင်း ရရှိသည်။

Most read this week