ထိုင်းရဲ လိုက်ဖမ်းသဖြင့် မြန်မာအမျိုးသမီးနှစ်ဦး ရေနစ်သေဆုံး

ထိုင်းရဲ လိုက်ဖမ်းသဖြင့် မြန်မာအမျိုးသမီးနှစ်ဦး ရေနစ်သေဆုံး
by -
ခွန်အောင်မြတ်
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် ယမန်နေ့ညက ထိုင်းရဲတွေ လိုက်ဖမ်းသဖြင့် မြန်မာအမျိုးသမီး ညီအစ်မ နှစ်ဦး ရေထဲဆင်းပြေးရာ ရေနစ် သေဆုံးသွားသည်။ ...

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် ယမန်နေ့ညက ထိုင်းရဲတွေ လိုက်ဖမ်းသဖြင့် မြန်မာအမျိုးသမီး ညီအစ်မ နှစ်ဦး ရေထဲဆင်းပြေးရာ ရေနစ် သေဆုံးသွားသည်။

ဖူခက်မြို့ ကမ်းခြေနေရာတခုဖြစ်သည့် ပါထောင် (Patong Beach)ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ ယမန် နေ့ ည ၆ နာရီခန့်က ထိုင်းအာဏာပိုင်များက ရှောင်တခင် ၀င်ရောက် ဖမ်းဆီးသဖြင့် အလုပ်သမားများ ထွက် ပြေးကြရာမှ အသက် ၁၂ အရွယ် ကျောင်းသူ မမြင့်မြင့်စန်းနှင့် မညိုညိုစန်း(၂၀)တို့ ရေချောင်းထဲ ဆင်းပြေးရာ နေနစ်ပြီး သေဆုံးသွား သည်ဟု မျက်မြင် မြန်မာအလုပ်သမား တဦးက ပြောသည်။

“ရေနစ်နေတာကို မြင်ပြီးတော့ ကြည့်ပြီးတော့ သွားမကူလိုက်ရဘူးဆိုတာ ဒါ ၀မ်းနည်းစရာ ပေါ့နော်။ သူတို့ရေမြုပ်တဲ့အချိန်မှာ သူတို့(ရဲ)က သေနတ်နဲ့အပေါ်ကနေ ချိန်ပြီးကြည့်နေတယ်။ ရေမြုပ် သွားပြီးမှ သူတို့ပြန်သွားပြီးမှ ဒီကလူတွေက လိုက်ဆယ်ကြတာ။ သူ့အမေက အလုပ်ကဖုန်းထိုး(ဆက်)သွား တယ်။ ပုလိပ်ဝင်တယ်ဆိုပြီးတော့ ဖုန်းထိုးတဲ့အချိန်မှာ သူ့သမီးတွေကဖုန်းမကိုင်ဘူး။ ဖုန်း မကိုင်တော့ သူ့အမေက လိုက်လာတော့ ကလေးတွေ ပျောက်နေပြီ။ ပျောက်နေတော့ လိုက်ရှာ၊ လိုက် ရှာတော့ လူတွေကပေါ့နော် ရေထဲဆင်းတာမြင်လိုက်တယ်။ ရေထဲဆင်းတာမြင်တယ်ဆိုတော့ ရေထဲမှာ လိုက်ရှာတော့ တွေ့တယ်လေ။”

ထိုင်းရဲများပြန်သွားပြီးနောက်ပိုင်း အလုပ်သမားများက မိန်းကလေးငယ်နှစ်ဦးအားဆင်း ကယ်ရာ ရေထဲတွင် သေ ဆုံးနေသည့် ညီမအလောင်းတွေ့ပြီး မေ့မျောနေသည့် အစ်မ ဖြစ်သူ မညိုညိုစန်းကို ဆေးရုံသို့ ခေါ်ဆောင်သွား ချိန် လမ်းပေါ်တွင် သေဆုံးသွားသည်။

သေဆုံးသူ ညီအစ်မနှစ်ယောက်၏ အလောင်းကို ပါထောင်ဆေးရုံတွင် ထားရှိပြီး သက်ဆိုင် ရာ အာဏာပိုင် များက စစ်ဆေးမှုများ ပြုလုပ်သည်ဟု ဆွေးမျိုးတော်စပ် သူတဦးက ပြောသည်။

“အခုလို ဖြစ်သွားတဲ့ ကျနော်တို့ကတော့ ထွေထွေထူးထူးတော့ မသိရဘူး။ ဒီလူကြီးတွေ ဆရာဝန်တွေ ဘာတွေ စီစဉ်မှုနဲ့ပဲ ကျနော်တို့ လိုက်နာနေရတယ်။ အခုလို ဖြစ်သွားတဲ့ ကိစ္စကို အဲဒီပုလိပ်ကိုပေါ့ သူ တို့မကျေနပ်မှုနဲ့ တင်းနေတာပေါ့။ အဲဒီအနေအထားလောက်ရှိတယ်။ သေသွားတဲ့ ကိစ္စနဲ့ပတ်သက် ပြီးတော့ အဲဒီပုလိပ်ကို မကျေနပ်မှုတွေ ဖြစ်နေ တာပေါ့။”

၎င်းတို့သည် ထားဝယ်မှ လာရောက်၍ ဆောက်လုပ်ရေး အလုပ်ကို လုပ်ကိုင်ကြသူဖြစ်ပြီး တရားဝင် အလုပ် သမားလက်မှတ် ကိုင်ဆောင်ထားကြသည်ဟု အလုပ်သမားတဦးက ပြောသည်။

“ကျနော်တို့ ဒီမှာကတော့ အကုန်လုံးတော့ လာပြီး အားပေးကြတာပေါ့နော်။ ရေသန့်ဗူး တွေ ဘာ တွေ အကုန်လုံး အအေးတွေ အဖျော်ရည်တွေ အကုန်လုံး လုပ်ပေးနေကြတာပဲ။ ပန်းရံဆိုက် တဆိုက် လုံး တယောက်မှ အလုပ်မဆင်းဘူးလေ။ သူတို့မိသားစုတွေ တိုင်ပင် နေတယ်။ သူတို့ကတော့ မကျေ နပ်ဘူး ဖြစ်နေတယ်။ အကုန်လုံး ဘတ် (အလုပ်သမား လက်မှတ်) ရှိတယ်လေ။”

ကျန်ရစ်သည့် ရုပ်အလောင်းကို ကထူ့ ဘုန်းတော်ကြီးကျောင်းတွင် ဗုဒ္ဓဘာသာ ထုံးတမ်းအရ မီးသင်္ဂြိုလ်ရာ ယင်း ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်သမား (၆၀၀) ခန့်က အလုပ်မဆင်းပဲ လိုက်လံကူညီပို့ဆောင်ပေးခဲ့သည်။

ဖူးခက်ကမ်းခြေတွင် အလုပ်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားအလုပ်သမားများ (၁)သိန်း ခန့်ရှိပြီး ထိုင်းလူဝင် မှုကြီးကြပ်ရေးနှင့် ထိုင်းအာဏာပိုင်ရဲများက မကြာခဏ လိုက်ခံဖမ်းဆီး သော်လည်း ရေနစ်ပြီး သေဆုံးမှု ဖြစ်ပွား ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု အလုပ် သမားများက ပြောသည်။

မတ်လ ၂ ရက်နေ့တွင် အလုပ်သမားလက်မှတ် သက်တမ်းတိုးပေးသည့် သတ်မှတ်ရက် ကုန်ဆုံးသွားသဖြင့် သက်တမ်းမတိုးသည့် အလုပ်သမား ငါးသိန်းကျော်အား ဖမ်းဆီးပြီး နေရပ်ရင်းသို့ ပြန်ပို့မည်ဟု ထိုင်း နိုင်ငံခြား သားအလုပ်သမား အလုပ်ခန့်ထားရေးဌာန အရာရှိက ကြေညာခဲ့သည်။

ယင်းသို့ကြေညာပြီး ရက်ပိုင်းအတွင်းတွင် ထိုင်းနိုင်ငံတဝှမ်းလုံးရှိ နေရာအနှံ့အပြားတွင် တရားမဝင်နိုင်ငံခြားသား အလုပ်သမားများကို တင်းတင်းကြပ်ကြပ် လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေသည်။

Most read this week