ကရင်ဒုက္ခသည် ၁၀၀ ခန့် နေရပ်သို့ပြန်

ကရင်ဒုက္ခသည် ၁၀၀ ခန့် နေရပ်သို့ပြန်
by -
ဇော်ကြီး
ထိုင်းမြန်မာနယ်စပ် အူးသူးထာ့ ယာယီဒုက္ခသည်စခန်းမှ ကရင်စစ်ပြေး ဒုက္ခသည် (၁၀၀)ခန့် ယနေ့နံနက်က နေရပ်သို့ ပြန်သွားကြသည်။ ကရင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ...

ထိုင်းမြန်မာနယ်စပ် အူးသူးထာ့ ယာယီဒုက္ခသည်စခန်းမှ ကရင်စစ်ပြေး ဒုက္ခသည် (၁၀၀)ခန့် ယနေ့နံနက်က နေရပ်သို့ ပြန်သွားကြသည်။

ကရင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ယမန်နှစ်ဇွန်လက နယ်စပ်သို့ ထွက်ပြေးလာသော ထောင်နှင့်ချီသည့် ဒုက္ခသည်များအား ထိုင်းအာဏာပိုင်တို့က နေရပ်သို့ အတင်းအကျပ် ပြန်ခိုင်းနေသဖြင့် ပြန်သွားကြခြင်း ဖြစ်သည် ဟု ဒုက္ခသည်တစ်ဦးက ယခုလိုပြောသည်။

“အိမ်ထောင်စု (၁၀) စုလောက်ရှိတယ်။ အခုထွက်နေတုန်းပဲ။ မဆုံးသေးဘူးပေ့ါ။ ဒါပေမယ့် လူဦးရေ ကတော့ ခန့်မှန်းခြေ (၁၀၀) ကျော်ရှိမယ်။”

လွန်ခဲ့သည့်နှစ်ပါတ်ခန့်က ထိုင်းနယ်စပ်စောင့်တပ်မှ ဓါတ်ပုံရိုက်ယူခဲ့ပြီး ရိက္ခာဖြတ်တောက် လိုက်သည့်အပြင် အ မျိုးမျိုး ဖိအားပေးခြိမ်းခြောက်ပြောဆိုခြင်း နေ့စဉ် ခံနေကြရသည်ဟု ၎င်းဆက်ပြောသည်။

“သူတို့ဘာဖြစ်လို့ထွက်ကြလဲဆိုတော့ လွန်ခဲ့တဲ့နှစ်ပတ်လောက်က ဓါတ်ပုံလာရိုက်တယ်။ ထိုင်းစစ်သား အကျႌအမဲနဲ့အဖွဲ့တွေ။ သူတို့ ဓါတ်ပုံရိုက်ပြီးတဲ့ လူတွေ ဒီမှာနေလို့ မရတော့ဘူး။ ဒီမှာနေလို့ရှိရင် ဖမ်းမယ် ပေ့ါ။ ဒီမှာ နေထိုင်ခွင့် မရှိတော့ဘူးပေ့ါ။ အဲလို လာပြောသွားတယ်။ ဒီမနက်ပဲ အဲတာကြောင့်မို့ သူတို့လည်း မနေရဲတော့လို့ ပြန်သွားကြတယ်။”

ထိုင်းနယ်ခြားစောင့်တပ်မှ တာဝန်ရှိသူများက နေရပ်သို့ပြန်ရန် နေ့စဉ် လာပြောနေသည့် အပြင် ထုတ်ပေးသည့် ရိက္ခာ လုံလောက်မှုမရှိဟု ပြောသည်။
“မနေ့က ရိက္ခာလာထုတ်တာ အကုန်လုံးမရကြဘူး။ သူတို့စာရင်းအရ ရ၀၀ ကျော်ပဲ ပေးတယ်။ ကျ နော်တို့စာရင်းထဲမှာကျန်တာက ၁၁၃၀ ရှိတယ်။ တချို့လူက (၁၀) ယောက်ရှိတာ (၆) ယောက်ပဲရ တယ်။ လေးယောက်က ရိက္ခာမှမရတာ ဘယ်လိုလုပ် စားမလဲ။”

ပြန်သွားသူများမှာ မယ့်လာအားထာ့၊ မယ့်လာအားခီး၊ ဒေါ့ပနေ့ပူ စသည့်ကျေးရွာများမှ ဖြစ်ပြီး ယမန်နှစ်ဇွန်လက တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်မတော် DKBA နှင့် စစ်အစိုးရတို့ ပူးပေါင်း၍ ကရင်အမျိုးသားအစည်းအရုံး KNU တပ်စခန်းများအား ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် တိုက်ပွဲများနှင့်ဝေးရာ ထိုင်းမြန်မာနယ်စပ်သို့ ထွက်ပြေး လာသူ များဖြစ်သည်။

ကရင်စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်ပို့ရေးကို ရပ်ဆိုင်းပေးရန် ကရင်အမျိုးသမီး အစည်းအရုံး (KWO) နှင့် ထိုင်းရှေ့နေများကောင်စီ လူ့အခွင့်အရေး ဆပ်ကော်မတီအဖွဲ့တို့မှ ဖေဖော်ဝါရီလက ထိုင်းအစိုးရထံ မေတ္တာရပ်ခံ ထားသည်။

အမေရိကန်လွှတ်တော်အမတ် (၂၇) ဦးက ကရင်စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်ပို့မည့်အရေးကို စိုးရိမ်မကင်း ဖြစ်ရကြောင်း၊ ကရင်ဒုက္ခသည်များအား ကာကွယ်ပေးစေလိုကြောင်း ထိုင်းဝန်ကြီးချုပ်ထံ ဖေဖော်ဝါရီလ (၄) ရက် နေ့က လက်မှတ်ရေးထိုး၍ စာရေးပေးပို့ခဲ့သည်။

တရားဝင်ပြန်ပို့ရေးကို ထိုင်းအစိုးရက ခေတ္တရပ်ဆိုင်းထားသော်လည်း ဖိအားပေးခြိမ်း ခြောက်ခြင်း၊ ရိက္ခာဖြတ် တောက်ခြင်း၊ စခန်းတွင်း အဝင်အထွက်ကို အတင်းအကျပ် စစ်ဆေးခြင်းများကြောင့် စစ်ပြေးဒုက္ခသည်များ မ ကြာခန မြန်မာပြည်ဘက်သို့ ပြန်ဝင်ကြ သည်ဟု ဒုက္ခသည်များကို ကူညီပေးနေသည့် အဖွဲ့များက ပြောသည်။

Most read this week