ဗန်းမော် ခယက ကားချောဆွဲ၊ ဆက်ကြေးတောင်း

ဗန်းမော် ခယက ကားချောဆွဲ၊ ဆက်ကြေးတောင်း
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ခယက) ဥက္ကဌနှင့် အတွင်းရေးမှူး တို့သည် ဒေသအတွင်းရှိ ကားလိုင်းများအား ကားချောခေါ်ခြင်း၊ ဆက်ကြေးတောင်းခြင်းများ ...

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ခယက) ဥက္ကဌနှင့် အတွင်းရေးမှူး တို့သည် ဒေသအတွင်းရှိ ကားလိုင်းများအား ကားချောခေါ်ခြင်း၊ ဆက်ကြေးတောင်းခြင်းများ ပုံမှန်လုပ်နေသဖြင့် ကားသမားများမကျေမနပ်ဖြစ်နေကြသည်။

ဗန်းမော် ခယကဥက္ကဌ ဦးခင်မောင်မြင့်သည် ကိုယ်ပိုင်ကား(၂)စီးနှင့် ရုံးကထုတ်ပေး ထားသည့် မာဇဒါဂျစ် တစီး ရှိနေသည့်ကြားကပင် ဗန်းမော်-မြစ်ကြီးနား၊ ဗန်းမော် နမ်းခမ်းနှင့် ဗန်းမော်-လွယ်ဂျယ် ကားလိုင်းများမှ ဗင်ကား များကို နေ့စဉ် တစီးကျ အလှည့်ကျ ချောခေါ်ထားနေသည်ဟု ဗန်းမော်ကားသမားက ပြောသည်။

“ဗင်ကားတွေကို နေ့စဉ်လို ချောဆွဲနေတာ၊ အဲဒါကြာပြီ၊ အခုတော့ ကားသမားတွေ မခံနိုင်တော့လို့ လိုင်းတောင်ဆွဲ စားဖို့ ခက်လာတယ်၊ ခယကဥက္ကဌက ဌာနပိုင် မာဇဒါဂျစ်ရှိတယ်၊ ကိုယ်ပိုင် ဗင်ရှိတယ်၊ ဆန်နီပစ်ကပ်ရှိတယ်။ ရုံးလာရင်တော့ ဗင်နဲ့လာတယ်၊ မြို့ပြင်ထွက်မယ်၊ ဟိုနားဒီနားသွားမယ်ဆိုရင် ချောကားသုံးတယ်။ ဗင်ကားက နည်းတော့ သုံး-လေးရက် တခေါက် ချောလိုက်နေရတယ်၊ ဆီကို ပို့ ဆက်က စီစဉ်ပေးရတယ်၊”

ခယက အတွင်းရေးမှူး ဦးကြည်ဝင်းကလည်း တရုတ်နယ်စပ်မှ မှောင်ခိုပစ္စည်း တင်လာကြ သည့် ကားသမားများ ကို ဖုန်းဆက်ခေါ်ယူကာ ဆက်ကြေးငွေ သိန်းချီတောင်းနေသည်ဟု အဆိုပါ ကားသမားက ပြောသည်။

“အဲဒီပုဂ္ဂိုလ်ရဲ့ သားက စီးပွားရေးနည်းနည်းပါးပါးလုပ်တဲ့ မှောင်ခိုပစ္စည်းတင်လာသူတွေကို ရဲနဲ့ပေါင်း၊ ထောက်လှမ်းပြီး သူ့အဖေကိုသတင်းပေး၊ သူ့အဖေက ဖုန်းနံပတ်ရှာပြီး ခေါ်ပြီးငွေတောင်းတာ၊ သိန်းချီ တောင်းတာ။ သူ့သားက ဂိုဒေါင်မှာ တရုတ်ပစ္စည်းတွေချရင် လိုက်စုံစမ်းနေတာ။” ဟု ဗန်းမော်ကားသမား က ပြောသည်။

အဆိုပါ ခယကအဖွဲ့သည် တရုတ်နယ်စပ်ဘက် ထွက်သည့် ကားသမားများအား မကြာခဏဆိုသလို ငွေကြေး မပေးဘဲ ပစ္စည်းများ ဝယ်ယူလာရန် မှာယူတတ်ကြောင်းနှင့် သူတို့အား ကားသမားများအနေဖြင့်  စိတ်ပျက်၍နေ ကြကြောင်း ကားသမားများက ပြောသည်။

Most read this week