ဖလောင်းချိတ်မြို့ အဘယသုခ ထိပ်ကျင်းတောင် ဘုရားပွဲတော်တွင် နာမည်ကြီး ရခိုင် အဆိုတော်များ လာရောက် ဖြေဖျော်

ဖလောင်းချိတ်မြို့ အဘယသုခ ထိပ်ကျင်းတောင် ဘုရားပွဲတော်တွင် နာမည်ကြီး ရခိုင် အဆိုတော်များ လာရောက် ဖြေဖျော်
ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့ထိ ပြုလုပ်သော ဖလောင်းချိတ်မြို့ရှိ အဘယသုခ ဆုတောင်းပြည့် ထိပ်ကျင်းတောင် စေတီပွဲတော်သို့ ရခိုင်ပြည်နယ်မှ နာမည်ကြီး ရခိုင်အဆိုတော်များ လာရောက် ဖြေဖျော်သွားခဲ့ကြောင်း...

ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့ထိ ပြုလုပ်သော ဖလောင်းချိတ်မြို့ရှိ အဘယသုခ ဆုတောင်းပြည့် ထိပ်ကျင်းတောင် စေတီပွဲတော်သို့ ရခိုင်ပြည်နယ်မှ နာမည်ကြီး ရခိုင်အဆိုတော်များ လာရောက် ဖြေဖျော်သွားခဲ့ကြောင်း သတင်း ရရှိသည်။

လာရောက် ဖြေဖျော်ခဲ့ကြသော ရခိုင် အဆိုတော်များမှာ ကိုဦးမောင်သိန်း၊ ကိုမြတ်ခိုင်ကျော်၊ ကိုမျိုးရခိုင်၊ မရီလိူင်းပြာ၊ မဝတီစိုးမိုးနှင့် ရခိုင်ဂီတ ပညာရှင် မျိုးမင်းလေးတို့ ဖြစ်ကြသည်။

ရခိုင် အဆိုတော် ကိုဦးမောင်သိန်းမှ “ကျွန်တော်တို့ ဘင်္ဂလာဒေချ့်ကို လာရောက် ဖြေဖျော်ခွင့်ရတာဟာ ကျွန်တော် အနုပညာ သက်တမ်း ၂၆ နှစ်မှာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ ခုလို များပြားတဲ့ ရခိုင်သားတွေကို တွေ့ဆုံရတဲ့ အတွက် အတိုင်းမသိ ၀မ်းသာကြည်နူးမိပါတယ်။” ပြောသည်။

သုံးညတိုင်ပြုလုပ်ခဲ့သော စတိတ်ရှိုး ပွဲတော်အတွင်း ဘင်္ဂလာဒေချ့်ရှိ ရခိုင် ပရိသတ်များက တိုးမပေါက်အောင် လာရောက်အားပေးခဲ့ကြပြီး ရခိုင်တေးခြင်းများကို နှစ်ခြိုက်စွာလာရောက် နားထောင် ခဲ့ကြသည်။

ကိုမြတ်ခိုင်ကျော်မှလည်း ဘင်္ဂလာဒေချ့်တွင် လာရောက် ဖြေဖျော်ရခြင်းနှင့် ပတ်သက်ပြီး သူ၏ အမြင်ကို ယခုကဲ့သို့ ပြောသည်။

“တိုင်းပြည် ခြားနေပေမယ့်လည်း ကျွန်တော်တို့ဟာ မိသားစု တခုတည်း ဖြစ်ပါတယ်။ ခုလို ကွဲကွာနေတဲ့ မိသားစု ညီအစ်ကို မောင်နှမရင်းချာတွေကို ခုလို လာရောက်ပီး ဖြေဖျော်ရတဲ့အတွက် အတိုင်း မသိ ၀မ်းသာမိပါတယ်။ မျက်ရည်လည်း လည်မိပါတယ်။ နောက်နှစ်တွေမှာလည်း ကျွန်တော့်ကို ဖိတ်ရင် လာရောက် ဖြေဖျော်သွားမယ်ဆိုတာကို ဂတိပြုပါတယ်။”

မရီလိူင်းပြာမှလည်း “ ရီလိူင်းပြာ ဘင်္ဂလာဒေချ့်မှာ လာရောက် ဖြေဖျော်ရတာ ပထမဆုံး ဖြစ်ပေမယ့် ခုလို ကိုယ့်ရခိုင်အမျိုးသားတွေက အင်တိုင်အားတိုက် လာရောက်အားပေးတဲ့အတွက် မြန်မာပြည် ကိုတောင် မပြန်ချင်အောင် ဖြစ်သွားပါတယ်။ ကျွန်မအနေနဲ့ နှစ်တိုင်း နှစ်တိုင်း ဘင်္ဂလာဒေချ့်ကို လာရောက် ဖြေဖျော်ခွင့်ရဖို့ ဆုတောင်းသွားမှာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

Arakanese_singer_waddy

ဘင်္ဂလာဒေချ့် နိုင်ငံ ကော့ဘဇား (ဖလောင်းချိတ်) ခရိုင်နှင့် ဘင်ဒရိုဘင် (ရွာတော်) ခရိုင်မှ လူကြီး လူငယ် ထောင်ပေါင်းများစွာ စတိတ်ရှိုးပွဲကို တက်ရောက်အားပေးခဲ့ပြီး ပရိသတ်များ တောင်းဆိုမူကြောင့် ရခိုင် အဆိုတော်များ အနေဖြင့် မိုးအလင်း ဖြေဖျော်ခဲ့ကြရသည်။

အဘယသုခ ဆုတောင်းပြည့် ထိပ်ကျောင်းတောင်စေတီပွဲတော်ကို ယမန်နှစ်က ပထမဆုံး အကြိမ် ကျင်းပခဲ့ပြီး ယခုနှစ်တွင် ဒုတိယ အကြိမ်မြှောက် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။

Arakanese_singer_mrat

အဘယ သုခ ဆုတောင်းပြည့်ထိပ်ကျင်းတောင် စေတီတော် တည်နေရာမှ ဖလောင်းချိတ်မြို့ရှိ အကွက်အကောင်း ကျသော နေရာတွင် တည်ရှိပြီး စေတီတော်ကို နိုင်ငံတကာရောက် ရခိုင်အမျိုးသားများ၏ အကူအညီဖြင့် တည်ဆောက်ခဲ့သည်။ ယမန်နှစ် တပေါင်းလပြည့်နေ့က စေတီ ထီးတော်တင် ရေစက်ချ အခမ်းအနားကို ပြုလုပ်နိုင်ခဲ့သည်။

Arakanese_singer_group

အဆိုပါ စေတီတော် တည်နေရာတွင် ယခင်က ရှေးဟောင်း စေတီတော် တဆူ တည်ရှိခဲ့ပြီး မသမာသူ ကျုးကျော်သူများ လက်ချက်ဖြင့် ၂၀၀၀ ခုနှစ် ပတ်ဝန်းကျင် ပြိုပျက်ခဲ့ရသည်။ ၂၀၀၈ ခုနှစ်တွင် အဆိုပါ စေတီတော် မြေနေရာအား မသမာသူများလက်ထဲမှ ပြန်လည် ရရှိခဲ့ပြီးနောက် စေတီတော်ကို ပြန်လည် တည်ဆောက်နိုင်ခဲ့ ခြင်း ဖြစ်သည်။

Re-Hlaing-Pyr

စေတီပွဲတော်ကို နှစ်စဉ် နှစ်တိုင်း တပေါင်းလပြည့့်နေ့တွင် ကျင်းပရန် စီစဉ်ထားပြီး ယခုနှစ်ပြုလုပ်သော ပွဲတော် အခမ်းအနားသို့ ရခိုင်အမျိုးသမီး အမတ် ဒေါ်အေးသိန်း၊ ကော့ဘဇားခရိုင် ဘီအန်ပီ အမတ် လူဖေါရာဟမန် ကာဇော်နှင့် ဖလောင်းချိတ် မြို့တော်ဝန် ချော်ရဝါ ကာမဲလ်တို့လည်း တက်ရောက်ခဲ့ကြသည်။

Most read this week