ပုဏ္ဏားကျွန်းတွင် မီးလောင်မူ ဖြစ်ပွား၍ ကလေး ၂ ဦး သေဆုံး

ပုဏ္ဏားကျွန်းတွင် မီးလောင်မူ ဖြစ်ပွား၍ ကလေး ၂ ဦး သေဆုံး
by -
ခိုင်သိန်း
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ပေါက်တောပြင်ကျေးရွာတွင် ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က မီးလောင်မှုဖြစ် ပွားရာ ကလေးငယ် နှစ်ဦး သေဆုံးသွားပြီး အိမ်အများအပြား မီးထဲပါသွားကြောင်း...

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ပေါက်တောပြင်ကျေးရွာတွင် ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က မီးလောင်မှုဖြစ် ပွားရာ ကလေးငယ် နှစ်ဦး သေဆုံးသွားပြီး အိမ် အများအပြား မီးထဲပါသွားကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသူ ကလေးငယ်များမှာ အဆိုပါ ရွာတွင် နေထိုုင်သူ ဦးထွန်းဖြူ၏ တနှစ်သား အရွယ် ကလေး တဦးနှင့် ဦးလှထွန်းအောင်၏ သားငယ် တဦးဖြစ်သည်ဟု သိရသည်။

မီးလောင်ရာတွင် အိမ်ခြေ ၂၇ လုံး ပါသွားပြီး စတင် လောင်ကျွမ်းပုံကို ကျေးရွာအတွင်းမှ အမျိုးသမီး တဦးက ပြောသည်။

“မီးလောင်တာက ည ၈ နာရီ် အချိန်မှာ မုဆိုးမ မခင်ကြည့်အိမ်က စလောင်တာပါ။ မီးက ဖယောင်းတိုင်မီး ကတဆင့် စတင် လောင်ကျွမ်း တာဖြစ်ပါတယ်။ တအိမ်လုံးကို လောင်ကျွမ်းပီးမှ ရွာသားတွေ ရောက်လာတော့ ဘယ်လို မငြိမ်းသတ်နိုင်ဘဲ လက်ပိုက် ကြည့်နေကြရပါတယ်။ နောက်ဆုံး အိမ် ၂၇ လုံးထိ လောင်ကျွမ်းပီးမှ မီးက ငြိမ် သွားပါတယ်။”

ထိုကဲ့သို့ အိမ် ၂၇ လုံး မီးထဲပါသွား သဖြင့် သိန်းရကျော် ဆုံးရှံုးသွားကာ အများစုမှာ တောင်သူ လယ်သမားများ ဖြစ်ကြသဖြင့် သိုလှောင်ထားသော စပါး အများအပြား မီးထဲ ပါသွားသည်ဟု သိရသည်။

ပေါက်တောပြင် ကျေးရွာမှာ ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းတွင် တည်ရှိပြီး အိမ်ခြေ ၁၄၀ ကျော်ရှိသော ကျေးရွာတရွာ ဖြစ်သည်။

ယခုနှစ် ဖေဖေါ်ဝါရီလအတွင်း ရခိုင်ပြည်နယ်တွင် ယခု တကြိမ်နှင့်ပါ ဆိုလျှင် အနည်းဆုံး မီးလောင်မှု (၄ ) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တွေရဲနွယ်စု (ရဲလှိုင်းတန်း) တွင်တကြိမ်၊ ဖေဖေါ်ဝါရီလ ၄ ရက်နေ့က မင်းပြားမြို့ အောက်ရွာပိုင်းရပ်ကွက်တွင် တကြိမ်နှင့် မောင်တောမြို့နယ် တမန်းသား ကျေးရွာ အုပ်စု တွင် တကြိမ် မီးလောင်းကျွမ်းမူ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

Most read this week