မူလတောင်းဆိုချက် မပြင်နိုင်ဟု ဝတပ်ဖွဲ့ အကြောင်းပြန်

မူလတောင်းဆိုချက် မပြင်နိုင်ဟု ဝတပ်ဖွဲ့ အကြောင်းပြန်
နယ်ခြားစောင့်တပ် ပြင်ဆင်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)က ယခင် တောင်းဆိုချက်အတိုင်း ဆက်ရှိသည်ဟု ယမန်နေ့က အကြောင်းပြန် ...

နယ်ခြားစောင့်တပ် ပြင်ဆင်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)က ယခင် တောင်းဆိုချက်အတိုင်း ဆက်ရှိသည်ဟု ယမန်နေ့က အကြောင်းပြန်လိုက်သည်။

နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးအကြောင်းပြန်ရန် နအဖ၏ နောက်ဆုံး သတ်မှတ်ထားသည့် ဖေဖေါ်ဝါရီလကုန် ရက်တွင် (UWSA) က နေပြည်တော်သို့ အကြောင်းပြန်လိုက်ခြင်း ဖြစ်သည်ဟု ဝခေါင်းဆောင်များနှင့်နီးစပ်သူ တ ရုတ်-မြန်မာနယ်စပ် ဒေသခံတဦးက အတည်ပြုပြောသည်။

“မနှစ်က ပြောထားတဲ့ တောင်းဆိုချက် ကိုးချက်ကိုဘဲ ထပ်ပြီး တောင်းလိုက်တယ်။ နယ်ခြားစောင့်တပ် ကိုတော့ မူအနေနဲ့ လက်ခံတယ်၊ ဒါပေမယ့်  တောင်းဆိုချက်တွေ လိုက်လျောမယ်ဆိုရင်တော့ လက်ခံ သွားမယ်ဆိုတာ ပြောလိုက်တယ်” ဟု တရုတ်-မြန်မာနယ်စပ်ဒေသခံတဦးက ပြောသည်။

ယမန်နှစ်၊ နိုဝင်ဘာ(၁၄)ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့တွင် ဒုဥက္ကဌ ဦးရှောက်မီလျှံ ဦးဆောင် သည့် (UWSA)ကိုယ်စားလှယ်အဖွဲ့နှင့် စစ်ဖက်ရေးရာအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်တို့ တွေ့ဆုံစဉ် အ ချက်(၉)ချက်ပါ တောင်းဆိုချက်ကို တင်ပြခဲ့ရာတွင် မိုင်းပေါက်နှင့် မိုင်းဖျင် ဒေသအား မိုင်းပေါက်မြို့နယ်အဖြစ် သတ်မှတ်ကာ (ဝ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသအတွင်း ထည့်သွင်းရေး၊ ထိုင်း-မြန်မာနယ်စပ်ရှိ (ဝ)တို့၏ ဝမ် ဟုန်ဒေသအား စစ်ဒေသခွဲအဖြစ် သတ်မှတ်ကာ (ဝ)အုပ်ချုပ်ခွင့်ရဒေသ ဖြစ်ရေး၊ စစ်ဒေသ နှစ်ခုသတ်မှတ်ကာ စစ်ဒေသမှူးနှင့် စစ်ဦးစီးမှူးတာဝန်များကို (ဝ)တပ်ဖွဲ့က တာဝန်ယူရေး၊ ဒုတာဝန်များကိုသာ နအဖစစ်တပ်က တာဝန်ယူရန်နှင့် ပင်စင်ယူရမည့်သူများ၊ မိဘမဲ့ ကလေးများအား လစာငွေ (၅)နှစ်စာ ထောက်ပံ့ရေး၊ တရုတ်-မြန်မာ နယ်စပ်ဂိတ်ပေါက်အား (ဝ)တပ်ဖွဲ့က အုပ်ချုပ်ခွင့်ရရေး၊ ဒေသအတွင်းရှိ အစိုးရဌာနဆိုင်ရာများတွင် (ဝ)တိုင်းရင်းသားများကို ဦးစားပေးခန့်အပ်ရေး စသည့် တောင်းဆိုချက်များ ပါဝင်သည်။

အဆိုပါတောင်းဆိုချက်များကို(၀)တပ်ဖွဲ့က ဆက်လက်ကိုင်စွဲထားပြီး ညှင်သာပျော့ပြောင်း သည့်နည်းလမ်း များ ဖြင့် ဖြေရှင်းသွားရန်ရှိသည်ဟု ကြားသိရကြောင်းနှင့် တစ်စုံတစ်ရာ ပြောင်းလဲနိုင်ဦးမည်မဟုတ်သော်လည်း (၀)တပ်ဖွဲ့ဖက်က စိုးရိမ်ရသည့်အခြေအနေ ရှိနိုင်သည်ဟု ရှမ်းသံတော်ဆင့်သတင်းစဉ် လက်ထောက်အယ်ဒီတာ ဦးစိန်ကြည်က ယခုလိုသုံးသပ်ပြောဆိုသည်။

“တရုတ်က သူတို့(၀)ထက် နအဖလိုချင်တဲ့ဆန္ဒကို ပိုပြီးတော့ လိုက်လျောမှာကို သူတို့ စိုးရိမ်တယ်လေ။ တကယ့်ရေရှည်အကျိုးအမြတ်က ဂက်စ်တို့ ရေနံတို့ရှိတာကိုး။ တရုတ်အတွက်က။ လက်တွေ့အရမှာ တော့ ချက်ချင်းလက်ငင်းကြီး (၀)ကို တရုတ်က စွန့်ပစ်မယ်ဆိုတဲ့ အနေအထားတော့ မဖြစ်နိုင်ဘူး ပေ့ါ။”

အခုလ(၂၆)ရက်နေ့က (UWSA)ဥက္ကဌ ပေါက်ယိုချန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်တို့ တွေ့ဆုံစဉ် တောင်းဆို ချက်များကို လိုက်လျောဖို့ မဖြစ်နိုင်ကြောင်း၊ ၂ဝဝ၈ ဖွဲ့စည်းပုံအရ နယ်မြေများသတ်မှတ် အတည်ပြုထားပြီးဖြစ်၍ ပြုပြင်၍မရကြောင်း အကြောင်းပြကာ ငြင်းပယ်လိုက်ပြီး ဖေဖော်ဝါရီလ နောက်ဆုံးထားပြီး အကြောင်းပြန်ရန် ထပ်မံပြောဆိုခဲ့သည် ဟု ဝခေါင်းဆောင်များနှင့် နီးစပ်သူ တရုတ်-မြန်မာနယ်စပ် ဒေသခံတဦးက ပြောသည်။

Most read this week