လယ်မြေများ စစ်တပ်က ဆက်လက် သိမ်းပိုက်နေ

လယ်မြေများ စစ်တပ်က ဆက်လက် သိမ်းပိုက်နေ
by -
မင်းအောင်
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ဒေသခံများပိုင်ဆိုင်သော လယ်မြေများကို ဒေသခံ စစ်တပ် တပ်ရင်းများက ဆက်လက် သိမ်းပိုက်နေသည်ဟု သိရှိရသည်။ ...

(နိရဥ္စရာ) ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ဒေသခံများပိုင်ဆိုင်သော လယ်မြေများကို ဒေသခံ စစ်တပ် တပ်ရင်းများက ဆက်လက် သိမ်းပိုက်နေသည်ဟု သိရှိရသည်။

ယခုနှစ် နှစ်ဆန်းပိုင်းမှ စပြီး ပုဏ္ဏားကျွန်း အခြေစိုက် ခလရ ၅၅၀ တပ်ရင်းက သိမ်းယူ နေခြင်းဖြစ်သည်ဟု အမည်မဖေါ်လိုသူ မြေတိုင်း စာရေးတဦးက ယခုကဲ့သို့ ပြောသည်။

“သိမ်းတာက ခမရ ၅၅၀ တပ်ရင်းက ဒီနှစ် နှစ်ဆန်းပိုင်းက စလို့သိမ်းပိုက် တာပါ။ ပုဏ္ဏား ကျွန်းမြို့နယ် ထဲက သိမ်းတဲ့ လယ်မြေဧက ၂၀၀ ကျော် လောက်ရှိပါတယ်။ ဘာကြောင့် ထပ်သိမ်းတယ် ဆိုတာကို အတိအကျ မသိရပေမယ့် အယင်တုန်းက သိမ်းထားတဲ့ လယ်မြေတွေ ရထားလမ်း ဖေါက်လုပ်တဲ့ နေရာမှာ ပါ၀င်သွားတဲ့ အတွက် အစားထိုးလိုတဲ့ သဘောနဲ့ သိမ်းတာ ဖြစ်နိုင်ပါတယ်”။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှ အသိမ်းခံရသော လယ်မြေများထဲတွင် မာလာရွာမှ ၃၆ ဧက၊ ခွဆုံမှ ရ၃ ဧက၊ မြင်းတောကျေးရွာမှ ၆၀ ဧက၊ သဲတက်ကျေးရွာမှ ၃၀ ဧက၊ တောက်ဆုံ ကျေးရွာမှ ၈၀ ဧက၊ ဘဲခို (ပြိုင်ချောင်း) ကျေးရွာမှ ၅၀ ဧက၊ ကျွဲလမ်းချောင်းကျေးရွာမှ ၃၀ ဧက၊ ၀မ်းတိမ်းကျေးရွာမှ ၁၀ ဧကနှင့် ငပြောက်ဆည်ကျေး ရွာမှ ၁၃ ဧကပါ၀င်သည်။

အလားတူ စစ်တွေ အခြေစိုက် ခမရ ၂၃၂ တပ်ရင်းမှ ဒေသခံများပိုင်ဆိုင်သော လယ်မြေများကို တပ်ပိုင် လယ်မြေ များအဖြစ် ဆက်လက် သိမ်းဆည်းနေသည်ဟုလည်း သူက ယခုကဲ့သို့ ဆက်ပြောသည်။

“ခမရ ၂၃၂ တပ်ရင်းက ဆိုလို့ရှိရင် စစ်တွေမြို့နယ်ထဲက ကျေးတောရွာလယ်မြေတွေနဲ့ ပုဏ္ဏားကျွန်း မြို့နယ် ထဲက ယိုးတရုတ်၊ ဘဲငါးရာတောင်နားရွာနဲ့ အောင်ဆိပ်ကျေးရွာတွေက လယ်မြေ တွေကိုလည်း သိမ်းထားတာရှိပါတယ်။”

ခမရ ၂၃၂ တပ်ရင်းမှ သိမ်းဆည်းထားသော လယ်မြေဧကမှာ ကျေးတောကျေးရွာမှ ၉ ဧက၊ ဘဲငါးရာ တောင်နားရွာမှ ၁၁ ဧက၊ ယိုးတရုတ်မှ ၄၅ ဧကနှင့် အောင်ဆိပ်ကျေးရွာမှ ၅ ဧက သိမ်းဆည်း ထားသည်ဟု သိရှိရသည်။

ဒေသခံ စစ်တပ် တပ်ရင်းများသည် ယခင်က သိမ်းဆည်းထားသော လယ်မြေများတွင် စစ်တပ် ရိက္ခာအတွက် စပါးစိုက်ရန် ဖြစ်ပြီး တောင်ကုန်းများတွင်မူ ကြက်ပေါင်စေး (ရော်ဘာခင်း)များကို စိုက်ပျိုး ထားသည်ဟု သိရှိရသည်။

ယခုအခါ ရခိုင်ပြည်နယ် တခုလုံးရှိ ဒေသဆိုင်ရာ စစ်တပ် တပ်ရင်းများမှ သိမ်းယူထားသော လယ်မြေ ဧရိယာမှာ ရခိုင်ပြည်ရှိ လယ်ဧရိယာ စုစုပေါင်း၏ တဝက်နီးပါးခန့် ရှိနေပြီ ဖြစ်သည်ဟု သိရသည်။

Most read this week