စစ်အစိုးရ စွပ်စွဲချက် SSA(S) ငြင်းဆို

စစ်အစိုးရ စွပ်စွဲချက် SSA(S) ငြင်းဆို
by -
ဇော်ကြီး
ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံမြို့တွင် (၆၃)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပခဲ့သည့် မြို့နယ် ဘော့လုံးကွင်း အတွင်း ပေါက်ကွဲမှု ဖြစ်ပွားရာတွင် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) လက်ချက်ဟု စစ်အစိုးရက...

ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံမြို့တွင် (၆၃)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပခဲ့သည့် မြို့နယ် ဘော့လုံးကွင်း အတွင်း ပေါက်ကွဲမှု ဖြစ်ပွားရာတွင် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) လက်ချက်ဟု စစ်အစိုးရက စွပ်စွဲလိုက်သည်။  

ယခုလ(၁၆)ရက် အင်္ဂါနေ့က ည(၈)နာရီခွဲအချိန်က အောင်မာဃဇာတ်ရုံအနီး မီးစက်ရုံ၌ ပေါက်ကွဲခဲ့ရာ အရပ် သား(၄)ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ပါရှိသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ပြည်သူလူထုအားတိုက်ခိုက်ခြင်းသည် အကျိုးမဲ့လုပ်ရပ်သာဖြစ်၍ စစ်အစိုးရမှ လုပ်ကြံ စွပ်စွဲခြင်းသာ ဖြစ်သည်ဟု ရှမ်းပြည်တပ်မတော်-တောင်ပိုင်း SSA(S) ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးလောင်ဝ်ဆိုင် က ယခုလိုပြောသည်။

“အပြစ်မဲ့တဲ့ပြည်သူတွေကို မိုင်းထောင်တာတို့ ဘာတို့ဆိုတာ ကျနော်တို့ဆီမှာ ပေါ်လစီ မရှိပါဘူး။ အဲ လိုမျိုးအဆင့်အထိ ကျနော်တို့ အရည်အချင်း လုပ်ရည်ကိုင်ရည် ရှိတယ်ဆိုရင် သူတို့ရဲ့ အချက်အချာ ကျတဲ့နေရာကိုပဲတိုက်မှာပေ့ါ။ ဘာဖြစ်လို့ပြည်သူတွေကို သွားတိုက်ရ မှာလဲ။ ဒီသတင်းဟာ သူတို့တမင် သက်သက် လုပ်ကြံတာပါ။”

ဖေဖော်ဝါရီလ(၇) ရက်နေ့တွင်ကျရောက်သော ရှမ်းပြည်အမျိုးသားနေ့၌ SSA(S) ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ် ကြီး စဝ်ယွက်ဆစ်(Yawd Serk) ကလည်း ရှမ်းပြည်တိုင်းရင်းသားများစည်းလုံး ညီညွတ်စွာဖြင့် ရှမ်းပြည်ပြန်လည် ရရှိရေးအတွက် တိုက်ပွဲဝင်သွားမည်ဟု ပြောကြားခဲ့သည်။

လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးပြဿနာများအား နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာခြင်းသာ အကောင်းဆုံးဖြစ်၍ ၎င်းတို့အနေနှင့် ထိုအချက်အား လက်ကမ်း ကြိုဆိုသည်ဟု ဗိုလ်မှူး လောင်ဝ်ဆိုင်က ဆက်ပြောသည်။

“အခုလောလောဆယ်ကျနော်တို့မှာ ဒီစစ်ရေးအရနဲ့ သူတို့ကို တိုက်မယ့်အစား ဒီနိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာဖို့ပဲ ကျနော်တို့မှာ အာရုံစူးစိုက်နေပါတယ်။ ဒီတော့ ပြည်သူကိုတိုက် ခိုက် နေယုံနဲ့ ပြဿနာတွေကို ဖြေရှင်းလို့ရမယ်လို့ ကျနော်မထင်ဘူးလေ။ နောက်နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ကျနော်တို့လည်း အမြဲကမ်းလမ်းထား တယ်ဆိုတော့ အဲဒီပေါ်လစီနဲ့ပဲ ကျ နော်တို့ဆက်သွားမှာပါ။”

ပင်လုံမြို့ ပေါက်ကွဲမှုနှင့်ပတ်သက်၍ မည်သူမည်ဝါ၏လက်ချက်ဟု အတိအကျမပြောနိုင် သော်လည်း ဒေသခံအာ ဏာပိုင်များတရားဝင်ဖွင့်ထားသည့် လောင်းကစားဝိုင်းများကြောင့် ဖြစ်နိုင်သည်ဟု ရှမ်းသံတော်ဆင့်သတင်း အယ်ဒီတာချုပ် ဦးခွန်ဆိုင်းက ယခုလိုသုံးသပ် ပြောဆိုသည်။

“ဒီလ(၃)ရက်နေ့ကနေစပြီးတော့မှသူတို့ နှစ်ပါတ်တိတိလောင်းကစားဝိုင်းတွေကျင်းပတာကိုးဗျ ဒီလို လောင်းကစားဝိုင်းတွေကျင်းပတဲ့ခါကျတော့ မကျေနပ်တဲ့သူတွေ၊ ရှုံးတဲ့သူတွေ ရှုံးလို့ ဒေါသထွက်တဲ့ သူတွေကလည်းတော်တော်များတာကိုးဗျ။ အဲဒီတော့ ဒီဥစ္စာဟာ ဒီလောင်းကစား ၀ုိင်းတွေကြောင့် ဖြစ်လာတာလို့ ပြောလို့ရတယ်။”

ထို့အပြင် ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့ စျေးဟောင်းနေရာ၌ ယမန်နေ့နံနက်ပိုင်းက ဗုံးနှစ် လုံးပေါက်ကွဲခဲ့ပြီး မပေါက်ကွဲသေးသည့် မိုင်းလေးလုံးအား ထပ်မံတွေ့ရှိခဲ့သည်ဟု သတင်းစာ၌ဖော်ပြပါရှိသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ၂၀၀၉ ခုနှစ် သြဂုတ်လက စစ်အစိုးရနှင့်တိုက်ပွဲများဖြစ်ပွားပြီး အပစ်ခတ်ရပ်စဲရေး ပျက် သုံးသွားသည့်  ဦးဖုန်ကျားရှင် ဦးဆောင်သော မြန်မာပြည်အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော် (ကိုးကန့် အဖွဲ့)၏ လက်ချက်ဖြစ်ပြီး တရားခံတစ်ဦးကို ဖမ်းမိထားသည်ဟု သတင်း၌ဖော်ပြသည်။

သို့သော် ဖမ်းမိထားသူမှာ  ဦးဖုန်ကျားရှင်အဖွဲ့က မဟုတ်ဘဲ အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည့် ဦးပိုင်စုန်ချိန်အဖွဲ့မှ တပ်ပြေးတစ်ဦးဖြစ်သည်ဟု တရုတ်နယ်စပ်သတင်းများကဆိုသည်။

Most read this week