ရသင့်ရထိုက်သော အခွင့်အရေးများကို အကျဉ်းသားများ တောင်းဆို

ရသင့်ရထိုက်သော အခွင့်အရေးများကို အကျဉ်းသားများ တောင်းဆို
by -
မင်းဆက်ခိုင်
အင်းစိန်ထောင်ထဲရှိ အကျဉ်းသားများ အနေဖြင့် ရသင့် ရထိုက်သည့် အခွင့်အရေးများကို မရရှိသည့် အပြင် အဆိုပါ အခွင့်အရေးများပါ ချိုးဖေါက်ခံနေရသောကြောင့် ၎င်းအခွင့်အရေးများ ရရှိရန် အတွက် သက်ဆိုင်ရာ ထောင်အာဏာပိုင်များသို့...

အင်းစိန်ထောင်ထဲရှိ အကျဉ်းသားများ အနေဖြင့် ရသင့် ရထိုက်သည့် အခွင့်အရေးများကို မရရှိသည့် အပြင် အဆိုပါ အခွင့်အရေးများပါ ချိုးဖေါက်ခံနေရသောကြောင့် ၎င်းအခွင့်အရေးများ ရရှိရန် အတွက် သက်ဆိုင်ရာ ထောင်အာဏာပိုင်များသို့ တောင်းဆိုလိုက်သည်ဟု သတင်းရရှိသည်။

အဆိုပါတောင်းဆိုမူကို အကျဉ်းသားများ ကိုယ်စား အင်းစိန်(ဗဟို) အကျဉ်းထောင်မှ ထောင်သားများက တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

အကျဉ်းသားများက တောင်းဆိုချက်ထဲတွင် အဓိက အချက် ၅ချက်ကို တောင်းဆိုထားပြီး ယမန်နေ့က စတင် တောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း (AAPP) မှ အတွင်းရေးမှူး ကိုတိတ်နိုင်က နိရဥ္စရာသို့ ပြောသည်။

“တောင်းဆိုချက်ထဲမှာ အချက်၅ချက် ပါဝင်တာကို တွေ့ရပါတယ်။ အဓိကကတော့ ကျန်းမာရေးနဲ့ အစားအသောက်ပိုင်းမှာ ပိုမိုပြီး ပံ့ပိုး ပေးစေချင်တယ်တဲ့ သဘောမျိုး တွေ့ရပါတယ်။ သူတို့ တောင်းဆိုတဲ့ အချက်တွေကတော့ (၁) သတင်းစာ အပါအဝင် စာပေ ဖတ်ခွင့် ပြည့်ပြည့်ဝဝ ရရှိရေး၊ (၂) ကျန်းမာရေး စောင့်ရှောက်မှု ပြည့်ပြည့် ဝဝရရှိရေး၊ (၃) အကျဉ်းသားအားလုံး ပိုမိုကောင်းမွန်သော အစားအသောက်များ ရရှိရေး၊ (၄) နိုင်ငံရေးအကျဉ်း သားများ အဆောင်ပရဝုဏ်အတွင်း ထောင်ပိတ်ချိန်မှ အပ အချိန်ပြည့်သွားလာနိုင်ရေး၊ (၅) စာပေ ရေးသား လေ့ကျင့်ခွင့် ရရှိရေး တို့ဖြစ်ပါတယ်။”

ယခုကဲ့သို့ တောင်းဆိုစာကို အကျဉ်းကျခံနေသူများ၏ မိသားစုဝင်များမှ တဆင့် သိရှိရသည်ဟုလည်း သူက ပြောသည်။

“ကျနော်တို့ မိသားစုဝင်တွေ ဆီကတဆင့် သိရတာဖြစ်ပါတယ်။ အာဏာပိုင်တွေအနေနဲ့ သူတို့ (အကျဉ်းသားများ) တောင်းဆိုတာတွေကို မလိုက်လျော့ဘူးဆိုရင် ဆက်ပြီးတော့ တောင်းဆို တိုက်ပွဲဝင်မယ်လို့လည်း သိရပါတယ်။”

ယခင်က အကျဉ်းသားများအပေါ် စာဖတ်ခွင့်၊ စာရေးခွင့်၊ လမ်းလျှောက်ခွင့်များ ရရှိခဲ့သော်လည်း ယခုအခါ အဆိုပါ အကျဉ်းသား အခွင့်အရေးများ ချိုးဖေါက်ခံနေကြရသဖြင့် တောင်းဆို ခြင်းဖြစ်သည်ဟု သိရသည်။

အာဏာပိုင်များအနေဖြင့် တချို့တောင်းဆိုချက်များကို လိုက်လျော့ပေးနိုင်ကြောင်း သူက ဆက်ပြောသည်။

“တချို့အချက်အလက်တွေကျတော့ အာဏာပိုင်တွေလိုက်လျော့ပေးမယ်လို့ မျှော်လင့်ပါတယ်။ ပြီးတော့ ဒီကနေ့အချိန်မှာ မြန်မာနိုင်ငံကို မစ္စတာ ကင်တေးနား ရောက်နေတဲ့အတွက် လိုက်လျော့ ပေးလာနိုင်တယ်လို့ ထင်ပါတယ်။” ဟုပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၂၀၀၀ကျော်ရှိပြီး ထောင်ကျ နိုင်ငံရေး သမားများမှာ ထောင်အခွင့်အရေးများ ဆုံးရှံုးနေရသည်ဟု (AAPP) က ပြောသည်။

Most read this week