ဗန်းမော်ခရိုင် သစ်ခိုးထုတ်မှုများကို စတင်နှိမ်နင်း၊ စစ်တပ်ကို လာဘ်ငွေပေးထား၍ ကြိုတင် တိမ်းရှောင်နိုင်

ဗန်းမော်ခရိုင် သစ်ခိုးထုတ်မှုများကို စတင်နှိမ်နင်း၊ စစ်တပ်ကို လာဘ်ငွေပေးထား၍ ကြိုတင် တိမ်းရှောင်နိုင်
by -
သတင်းနှင့်မီဒီယာ ကွန်ယက်
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း တရားမဝင် သစ်ခိုးထုတ်မှုများကို မိုးမိတ် စစ်ဗျူဟာမှူး ဒုဗိုလ်မှူးကြီး ဝင်း မင်းထွန်း ဦးဆောင်ပြီး စစ်ကြောင်းများဖြင့် မကြာသေးမီ ရက်ပိုင်းကစ၍ စတင်ဖမ်းဆီးရာ သစ်လုပ်ငန်းရှင်များ...

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း တရားမဝင် သစ်ခိုးထုတ်မှုများကို မိုးမိတ် စစ်ဗျူဟာမှူး ဒုဗိုလ်မှူးကြီး ဝင်း မင်းထွန်း ဦးဆောင်ပြီး စစ်ကြောင်းများဖြင့် မကြာသေးမီ ရက်ပိုင်းကစ၍ စတင်ဖမ်းဆီးရာ သစ်လုပ်ငန်းရှင်များ တိမ်းရှောင်ခဲ့ရသည်။

တရုတ်-မြန်မာနယ်စပ် မန်ဝိန်းကြီးဘက်မှတဆင့် ရွှေလီမြစ်ကြောင်းတလျောက်နှင့် မံစီ၊ ဗန်းမော်ဘက်သို့ စစ် ကြောင်းများ ချီတက်ကာ သစ်တောများအတွင်း သစ်ခိုးထုတ်သူများ ကို ဖမ်းဆီးနေခြင်းဖြစ်ပြီး နယ်မြေခံစစ်တပ် က ကြိုတင်သတိပေးသဖြင့် တိမ်းရှောင်သွားကြ သည်ဟု ဗန်းမော်ဒေသခံတဦးက ပြောသည်။

“ဗျူဟာမှူးက သုံးရက်လောက်ရှိပြီ၊ မံဝိန်းကြီးကနေ တောထဲ မွှေနေတာလေ။ သစ်ကား တွေ ဖမ်းတာ ပေါ့။ ဒါပေမယ့် ကိုက်ထိပ်မှာရှိတဲ့ ခလရ(၂၃၆) က မဘိန်းကော၊ အဲဒီ ရွှေလီမြစ်တကြောလုံး တာဝန် ယူထားတာ။ အဲဒီတပ်ရှိတဲ့ခါ ကျတော့ ထင်သလို မမိနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ သစ်လောပန်း တွေက သူတို့တွေကို လာဘ်ငွေပေးထားတာ ဆိုတော့။ ကြိုတင်ပြီးတော့ အဆက်သွယ်လုပ်ကြတော့ ရှောင်တိမ်းနေကြတာပေါ့။”

ယင်းဒေသ၌ ကျွန်းအပါအဝင် ခုတ်လှဲပြီးသည့် အခြားသစ်မာအများအပြားရှိပြီး ဖမ်းဆီးခံ ရသော်လည်း  ဒေသခံ တပ်နှင့်ညှိနိုင်း၍ ထုတ်ယူနေသည်ဟု ကြားသိကြောင်း နမ့်ခမ်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“ဦးမြင့်နိုင်ရဲ့ သစ်တွေကိုဖမ်းသွားတာ၊ အခုပြန်ညှိလို့ရပြီတဲ့၊ ထွက်လာပြီလို့ပြောတယ်၊ အခုခုတ်လှဲ ထားတာတွေ အများကြီးပဲ၊ ကျွန်းတွေဘာတွေရောပါတယ်၊ သွားတိုးလို့ ဖမ်းလိုက်တဲ့ သဘောပဲ၊ လိုက် ဖမ်းတယ်ဆိုတာတော့ မရှိဘူး၊ တိုက်ကင်းထွက်တဲ့အဖွဲ့နဲ့တိုးလို့ ကောက်ဖမ်းလိုက်တာ၊ အခုတော့ အဆင်ပြေသွားပြီလို့ပြောတယ်၊”

ယခုလို သစ်ခုတ်ရာသီတွင် သစ်ခိုးထုတ်သူများကို ဖမ်းဆီးသည်မှာ နှစ်စဉ်နှစ်တိုင်း ဖြစ်နေပြီး သစ်ကုန်သည်များ နှင့် စစ်တပ်အကြား အပေးအယူလုပ်ကာ မကောင်းသည့် သစ်များအား ဖမ်းဆီးရမိစာရင်းပြသလို သစ်တင်ကား များကိုလည်း မကောင်းသည့် ကားများနှင့် အစားထိုးနေကြောင်း ဗန်းမော် ဒေသခံက ပြောသည်။

“တောထဲမှာ ဖမ်းတာမဟုတ်ဘူး။ ကုန်သည်ကြီးတွေနဲ့ တပ်နဲ့ညှိ၊ မင်းတို့ ကားအစုတ် အပြတ်ပေး၊ အ ဖမ်းပြတဲ့ ပုံစံလုပ်တာပေါ့။ ကားအစီး(၁ဝဝ)လောက်ထွက်မှ လေး၊ငါးစီး လောက်ကို သစ်အကောက်အ ကွေးတွေနဲ့ ဖမ်းဆီး ရမိပြတာ။ အကောင်းကိုကျတော့ တရုတ်ဘက် ခိုးထုတ်သွားတာ။ ကားလည်းဘဲ ကြိုးနဲ့ ဆွဲရတဲ့ကားတွေ။ မတတ်သာလို့ ပက်ပင်းတွေ့တယ်ဆိုပါတော့။ ယန်ဖောင်(ကားအမျိုးအစား)တို့ဆိုရင် သိန်း(၁၅ဝ)လောက် တန်တယ်လေ။ အဲဒီမျိုးကျတော့ ကားချင်း လှဲလိုက်တာ။ လုပ်စားကြ တာပေါ့။”

မြန်မာနိုင်ငံသစ်များ တရုတ်ပြည်သို့ နှစ်စဉ် တန်ချိန် သိန်းနှင့်ချီ ခိုးထုတ်ယူနေကြောင်း Global Wetness အဖွဲ့က အစီရင်ခံစာတစောင် မကြာသေးသည့်နှစ်ပိုင်းက ထုတ်ပြန်ခဲ့ သေးသည်။

သစ်များ ခိုးထုတ်ယူနေမှုမှာ ဒေသခံအာဏာပိုင်များကိုယ်တိုင် ပါဝင်ပတ်သက်မှုရှိနေသလို အမြတ်အစွန်းများ လည်းရှိနေ၍ ကချင်ပြည်နယ်နှင့်ရှမ်းပြည်မြောက်ပိုင်းမှ သစ်များကို တဖက်တရုတ်နိုင်ငံထဲ ခိုးထုတ်မှုမှာ နှစ်စဉ် ရှိမြဲရှိနေသည်ဟု နယ်စပ်ဒေသခံများက ပြောသည်။

Most read this week