နယ်စပ် ခြံစည်းရိုး ကာရံနေရာမှ နေ့စား အလုပ်သမားများ ထွက်ပြေးမှု တိုးပွား

နယ်စပ် ခြံစည်းရိုး ကာရံနေရာမှ နေ့စား အလုပ်သမားများ ထွက်ပြေးမှု တိုးပွား
by -
မင်းအောင်
မြန်မာနိုင်ငံ အနောက်ဖက် နယ်စပ် တလျှောက်တွင် ကာရံနေသော သံဆူးကြိုး စီမံကိန်း လုပ်ငန်းခွင်မှ နေ့စားအလုပ်သမားများ ထွက်ပြေးမှုမှာ တိုးပွားနေသည်ဟု သတင်း...

မြန်မာနိုင်ငံ အနောက်ဖက် နယ်စပ် တလျှောက်တွင် ကာရံနေသော သံဆူးကြိုး စီမံကိန်း လုပ်ငန်းခွင်မှ နေ့စားအလုပ်သမားများ ထွက်ပြေးမှုမှာ တိုးပွားနေသည်ဟု သတင်း ရရှိသည်။

အမည်မဖေါ်လိုသူ ထွက်ပြေးလာသော အလုပ်သမားတဦးက သူတို့ ထွက်ပြေးလာရသည့် အကြောင်းကို ယခုကဲ့သို့ ပြောသည်။

“ ကျွန်တော်တို့ကို တနေ့ ပိုက်ဆံ ကျပ်ငွေ ၂၀၀၀ နဲ့ နေ့စား အလုပ်သမားအဖြစ် ဘီအီး အင်ဂျင်နီယာ တပ်ရင်းက ခေါ်ခိုင်းပါတယ်။ နောက်ပီးတော့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်က အစ သူတို့ ဆီက ကြိုထုတ်ပေးမယ်ဆိုပြီး ပြောပါတယ်။ အလုပ် စဝင်တဲ့အခါ သူတို့ဆီမှာ နာမည် ပေးသွင်း ရပါတယ်။ နေ့စဉ် အလုပ်ဆင်းတဲ့ အခါ လက်မှတ် ရေးထိုးရပါတယ်။ အလုပ် လုပ်တဲ့ အခါမှာ တနေ့ လုပ်အားခကို တနေ့ ရှင်းပေးပါတယ်။ ဒါပေမယ့် စားစရိတ် ပိုက်ဆံ ဖြတ်လိုက်တဲ့အခါ အလုပ်သမား တွေမှာ ဘာမှ ပိုက်ဆံ မကျန်လိုက်တော့ပါဘူး။ ဒါကြောင့် အများစု အလုပ်သမားတွေက လုပ်ရတာနဲ့ ရတဲ့ငွေက မကာမိတဲ့အတွက် ခုလို ထွက်ပြေးကြတာ ဖြစ်ပါတယ်။”

ဘီအီးတပ်မှ ရိက္ခာများ ထုတ်ပေးရာတွင် အပြင်ပေါက်စျေးထက် ပိုဖြတ်ယူမူများ ရှိနေသဖြင့် အလုပ်သမားများ အနေဖြင့် တနေ့ လုပ်အားခမှာ သိပ်မကျန်ဘဲ ဖြစ်နေသည်ဟု သူက ပြောသည်။

“ အညံ့စား ဆန်တအိတ်က အပြင်မှာ ကျပ် ၁၃၀၀၀ ရှိတာကို စစ်တပ်က ၁၄၀၀၀ ကျပ်စျေးနှုန်းနဲ့ ဖြတ်ပါတယ်။ ကြက်သွန်နီ တပိဿာ ဆိုရင် အပြင်မှာ ၂၂၀၀ ကျပ်ရှိတာကို ၂၃၀၀ ကျပ် ယူပါတယ်။ ပဲဆိုရင်လည်း တပိဿာကို ၈၅၀ကျပ် ရှိတာကို ၉၅၀ ကျပ်ယူပီး ရေနံ တဂါလံကို ၁၈၀၀ ကျပ်ရှိတာကို ၁၉၀၀ ကျပ်ယူပါတယ်။ ခုလို ကုန်ပစ္စည်းတွေက အသီးသီး အပိုငွေ ဖြတ်ယူပါတယ်။ လုပ်အားခ ပိုက်ဆံကိုလည်း ဟိုအကြောင်းပြ ဒီအကြောင်းပြ ယူတာတွေ ရှိပါတယ်။”

ထိုကဲ့သို့ အလုပ်သမားများ အခက်အခဲ ကြံုတွေ့နေရသဖြင့် အလုပ်မှ ထွက်ပြီး နေရပ်ရင်းကို ပြန်လိုသော်လည်း ပြန်မရ ဖြစ်နေ၍ ထွက်ပြေးလာခြင်းကို သူက ယခုကဲ့သို့ ပြောသည်။

“ ထွက်ခွင့်တောင်းရင် စစ်သားတွေက မင်းတို့သဘောနဲ့ မင်းတို့ ၀င် လုပ်တာ။ အခုမှ ဘာဖြစ်လို့မလုပ်ချင်တာလဲ။ ထွက်ခွင့်မပေးတဲ့ အပြင် စစ်သားတွေဆီမှာ အရိုက်ခံရပါတယ်။ ဒါကြောင့် အရိုက်ခံရမှာကို ကြောက်ပီး ခုလို သူတို့ကိုမပြောဘဲ ထွက်ပြေးလာကြတာ ဖြစ်ပါတယ်”ဟု သူက ပြောသည်။

နအဖ စစ်အစိုးရမှ မြန်မာနိုင်ငံ အနောက်ဖက် နယ်စပ် တလျှောက်တွင် သံဆူးကြိုးကာရံနေရာ နေ့စား အလုပ်သမားများ အဖြစ် နယ်စပ်တလျှောက်ရှိ ကျေးရွာများနှင့် နတလ စံပြကျေးရွာများမှ အလုပ်အကိုင် အတည်တကျ မရှိသောသူများကို နေ့စားအလုပ်သမားများအဖြစ် ခေါ်ယူ အသုံးပြုနေသည်။

အလုပ်ချိန်မှာ နံနက် ၆ နာရီမှ မွန်းတည့် ၁၂ နာရီထိ တကြိမ်နှင့် နေ့လည် ၁နာရီခွဲမှ ညနေ ၆ နာရီထိ တကြိမ် တနေ့ (၂) ကြိမ် အလုပ် လုပ်ကိုင်ရပြီး အလုပ်သမားများကို မြေတူး၊ ကျောက်ထု၊ ဘိလပ်မြေပြောင်း၊ သဲပြောင်းအလုပ်များနှင့် ကွန်ကရက်တိုင်ကြီးများ ထမ်းပို့ရသော အလုပ်များတွင် စေခိုင်းသည်ဟု သိရသည်။

ထိုကဲ့သို့ မရပ်မနား လုပ်ကိုင်ရသော်လည်း လုပ်အားခနှင့် ၀င်ငွေ မညီမျှရာမှ အလုပ်သမားများ ထွက်ပြေးနေကြခြင်း ဖြစ်သည်ဟု သိရသည်။

အလုပ်သမားများ ယခုကဲ့သို့ ထွက်ပြေးနေကြသဖြင့် ခြံစည်းရိုးကာရံရာတွင် ယခုအခါ နေ့စား အလုပ်သမားများ ရှားပါးမူနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။

Most read this week