ချေးငွေများ သတ်မှတ်ရက်မတိုင်မီ ပြန်တောင်းသဖြင့် နတလ စံပြရွာသားများအခက်ကြံု

ချေးငွေများ သတ်မှတ်ရက်မတိုင်မီ ပြန်တောင်းသဖြင့် နတလ စံပြရွာသားများအခက်ကြံု
by -
ခိုင်ခိုင်စံ
ံနအဖ အာဏာပိုင်များမှ နတလ စံပြကျေးရွာသားများကို ထုတ်ချေးထားသော ငွေများအား သတ်မှတ်ရက် မတိုင်မှီ ပြန်တောင်းနေသဖြင့် နတလ စံပြကျေးရွာသားများ အနေဖြင့် အထူး အခက်ကြံု နေကြရသည်ဟု...

ံနအဖ အာဏာပိုင်များမှ နတလ စံပြကျေးရွာသားများကို ထုတ်ချေးထားသော ငွေများအား သတ်မှတ်ရက် မတိုင်မှီ ပြန်တောင်းနေသဖြင့် နတလ စံပြကျေးရွာသားများ အနေဖြင့် အထူး အခက်ကြံု နေကြရသည်ဟု သိရသည်။

၂၀၀၉ခုနှစ် သြဂုတ်လ အတွင်းက နတလ စံပြကျေးရွာသားများကို မောင်တော ခရိုင် တာဝန်ရှိ သူများမှ ကျပ်ငွေ ၁၀၀ ကို အတိုးနုန်း တကျပ်ခွဲဖြင့် တနှစ်အတွင်း ပြန်ဆပ်ရမည့် ဂတိဖြင့် ငွေ အမြောက်အမြား ထုတ်ချေးခဲ့သည်။

နတလ စံပြကျေးရွာသား တဦးက သူတို့ အခက်ကြံုနေရပုံကို ယခုကဲ့သို့ ပြောသည်။

“သူတို့က ချေးငွေတွေကို အရင်းပါ အတိုးပါ အခု ပြန်တောင်းနေပါပြီ။ အခုအချိန်က စပြီး ဇွန်လကို နောက်ဆုံးထားပြီး ပေးရမယ်။ မသွင်းနိုင်သူတွေကို တရားစွဲမယ်လို့ ခြိမ်းခြောက်ထားပါတယ်။”

၎င်းပြင်သူက “ကျွန်တော်တို့ အနေနဲ့ ဇူလိူင်လမှ ပေးသွင်းကြရမှာ ဖြစ်ပါတယ်။ ဖုတ်ပူ မီးတိုက် ခုလို တောင်းလာတော့ တနေ့ရှာမှ တနေ့စားရတဲ့ ကျွန်တော်တို့လို ဆင်းရဲသားတွေ အထူး အခက်အခဲ ကြံုနေကြရပါတယ်။” ဟု ပြောသည်။

မောင်တောနှင့် ဘူးသီးတောင်မြို့နယ်ရှိ နတလ စံပြကျေးရွာများမှ မိသားစု တစုကို ကျပ်ငွေ ၂၀၀၀၀ မှ တသိန်းထိ မောင်တော ခရိုင်တာဝန်ရှိသူများက ငွေများ ထုတ်ချေးခဲ့သည်။

ခိုင်လုံသော သတင်းရပ်ကွက်အရ အဆိုပါ ချေးငွေများမှာ လယ်သမားများအား ထုတ်ချေးသော စိုက်ပျိုး စရိတ် ချေးငွေများ ဖြစ်ပြီး အဆိုပါ စိုက်ပျိုးချေးငွေများကို မောင်တောခရိုင် ဥက္ကဌ မှ လယ်သမားများကို မချေးဘဲ နတလ စံပြကျေးရွာသားများကို ထုတ်ချေးပေးခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ ချေးငွေများကို သတ်မှတ်ရက် မတိုင်မှီ ပြန်တောင်းနေခြင်းမှာ ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲနှင့် သက်ဆိုင်နေပြီး အသစ် အစိုးရ ဖြစ်လာပါက အဆိုပါ ချေးငွေများကို နတလ စံပြကျေးရွာသားများက ပြန်မပေးဘဲ နေမည်ကို စိုးရိမ်သောကြောင့် ဖြစ်နိုင်သည်ဟု လေ့လာသူ တဦးက ပြောသည်။

မောင်တောနှင့် ဘူးသီးတောင်မြို့နယ်ရှိ နတလ စံပြကျေးရွာများတွင် နေထိုင်သူ မိသားစု တသောင်းခန့်ရှိပြီး လူဦးရေအားဖြင့် သုံးသောင်းခန့် ရှိသည်ဟု သိရသည်။

Most read this week