အောင်ဆန်းဦးကို သံဃာတော်များ သပိတ်မှောက်ကံဆောင်ပြီ

အောင်ဆန်းဦးကို သံဃာတော်များ သပိတ်မှောက်ကံဆောင်ပြီ
by -
မင်းဆက်ခိုင်
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးမှ ဦးအောင်ဆန်းဦးအား သပိတ်မှောက်ကံဆောင် လိုက်ပြီ ဖြစ်ကြောင်း ယနေ့ ဖေဖေါ်ဝါရီလ ၂ရက်နေ့ နေ့စွဲဖြင့် ကြေညာချက် တစောင်ထုတ်ပြန်...

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးမှ ဦးအောင်ဆန်းဦးအား သပိတ်မှောက်ကံဆောင် လိုက်ပြီ ဖြစ်ကြောင်း ယနေ့ ဖေဖေါ်ဝါရီလ ၂ရက်နေ့ နေ့စွဲဖြင့် ကြေညာချက် တစောင်ထုတ်ပြန် လိုက်သည်။

အဆိုပါ ကြေညာချက်ထဲတွင် အောက်ပါအတိုင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီး အနေဖြင့် ၂၄-၁-၂၀၀၉ နေ့မှ စတင်ကာ ၃၁-၁-၂၀၀၉ နေ့ကို နောက်ဆုံးထားပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် အိမ်ပြင်ဆင်မှု၊ ပိုင်ဆိုင်မှုများနှင့် သက်ဆိုင်သည့် တားမြစ်ကန့်ကွက်မှု၊ တရားစွဲဆို၍ နှောက်ယှက် နေမှုများကို ပယ်ဖျက်ပေးပါ ရန် အမေရိကန်နိုင်ငံနေ ဦးအောင်ဆန်းဦးထံသို့ အသိပေး မေတ္တာရပ် ခံစာ ပေးပို့ပြီး ဖြစ်ပါသည်။

ထို့အတွက် သတ်မှတ်ထားသည့် ရက်တိုင်အောင် အကြောင်းတစုံတရာ ပြန်ကြားခြင်းမရှိသည့် အတွက် ဘာသာ သာသနာနှင့် လူမျိုးပါမကျန် ပျောက်ကွယ်အောင် ပြုလုပ်နေသော နအဖ စစ် အုပ်စုနှင့် အပေါင်းပါများကို သပိတ်မှောက် ကံဆောင်ထားပြီး ဖြစ်သလို (၂-၂-၂၀၁၀) နေ့မှ စတင်ကာ ဦးအောင်ဆန်းဦးနှင့် ဇနီးကိုလည်း နအဖ စစ်အစိုးရနှင့် နောက်လိုက်များနည်းတူူ သပိတ်မှောက် ကံဆောင်ပြီး ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း အသိပေးကြေငြာ လိုက်ပါသည်။

သို့သော်လည်း ဦးအောင်ဆန်းဦးအနေဖြင့် ဘာသာသာသနာ အကျိုးအတွက်လည်းကောင်း၊ တိုင်းသူပြည်သားများ အကြပ်အတည်းမျိုးစုံမှ လွတ်မြောက်ရေးအတွက် လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား စွပ်စွဲထားသော ဥပဒေများအား ပယ်ဖျက်ပေးပါက ဘာသာရေးအရ သပိတ်မှောက်ကံဆောင်မှုများကို ပြန်လည်ရုတ်သိမ်းပေးမည်ဟုလည်း ဖေါ်ပြထားသည်။

လွန်ခဲ့သောနှစ် မေလအတွင်းက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ အမေရိကန်နိုင်ငံသားတဦး တိတ်တဆိတ် ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း နေအိမ် လုံခြံုရေးအတွက် ပြုပြင်ရန် ဆောင်ရွက်ခဲ့သည်။

နအဖ စစ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အပေါ်ထပ်ကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် စတင် ပြင်ဆင်ခဲ့ရာမှ ဦးအောင်ဆန်းဦး၏ ကန့်ကွက်မှုကြောင့် အိမ်ပြင်ရန် ခေတ္တခဏ ရပ်ဆိုင်းထားခဲ့ရသည်။

ထို့နောက် ယခုလ ၂၁ရက်နေ့တွင် ဦးအောင်ဆန်းဦးမှ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ပြင်ဆင် မှုကို တရားဝင် ကန့်ကွက်ခဲ့သဖြင့် တရားရုံးမှ ပထမဆုံး တားဝရမ်းထုတ်ခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးကို ၉-၉-၂၀၀၇ နေ့မှစ၍ ဦးဆောင် ဆရာတော် (၆)ပါးဖြင့် ဖွဲ့စည်းပြီး ရွှေဝါရောင်လှုပ်ရှားမှုကို စတင် ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

ထို့နောက် ရွှေဝါရောင်ကာလ နောက်ပိုင်း ဦးဆောင်သံဃာ အချို့ ဖမ်းဆီးခံရသည့်အတွက် ၂၆-၁၂-၂၀၀၇ နေ့တွင် စာအမှတ် (၁၁/၂၀၀၇) ကိုထုတ်၍ ဦးဆောင်ဆရာတော် (၁၀) ပါးဖြင့် ပြန်လည်ဖွဲ့ စည်းခဲ့သည်။

Most read this week