ရခိုင်ရိုးရာ ရထားဆွဲပွဲ ပြည်နယ်အနှံ့ ကျင်းပမည်

ရခိုင်ရိုးရာ ရထားဆွဲပွဲ ပြည်နယ်အနှံ့ ကျင်းပမည်
တာကလူး(နိရဥ္စရာ) ယခုနှစ်တွင် ကျရောက်သည့် ရခိုင် ရိုးရာ ရထားဆွဲပွဲကို ရခိုင်ပြည်နယ် အနှံ့အပြားတွင် အမျိုးသားရေး စိတ်ဓါတ် မြှင့်တင်သည့် အနေဖြင့် ဇန္နဝါရီလ ၂၅ ရက်နေ့မှ စတင်ကျင်းပ လျှက်ရှိကြောင်း စစ်တွေ ဒေသခံ တဦးက...

တာကလူး(နိရဥ္စရာ) ယခုနှစ်တွင် ကျရောက်သည့် ရခိုင် ရိုးရာ ရထားဆွဲပွဲကို ရခိုင်ပြည်နယ် အနှံ့အပြားတွင် အမျိုးသားရေး စိတ်ဓါတ် မြှင့်တင်သည့် အနေဖြင့် ဇန္နဝါရီလ ၂၅ ရက်နေ့မှ စတင်ကျင်းပ လျှက်ရှိကြောင်း စစ်တွေ ဒေသခံ တဦးက ပြောသည်။

သူက “ ရခိုင် ပြည်နယ် မြို့တော် စစ်တွေမှာ ရထားဆွဲပွဲကို ယခုလ ၂၅ ရက်နေ့မှ စတင်ကျင်းပလျက်ရှိပြီး အထူးစည်ကားနေပါတယ်” ဟု ပြောဆိုသည်။

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်မြို့မောင်တောနှင့် တခြားမြို့ကြီး တမြို့ဖြစ်သည့် မင်းပြားမြို့ တွင် (ယနေ့) ဇန္နဝါရီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့ထိ (တပို့တွဲလဆန်း ၁၃ မှ ၁၅ ရက် လပြည့်နေ့ထိ) သုံးရက်တိုင်တိုင် ကျင်းပ ကြမည်ဖြစ်သည်။

ကျောက်တော်၊ မြောက်ဦးနှင့် ကျောက်ဖြူမြို့နယ်များရှိ ကျေးလက်ဒေသများတွင်လည်း နေရာဒေသ အလိုက် ကျင်းပ ကြမည်ဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ် ကျေးလက်ဒေသများတွင်သာ ကျန်ရှိတော့သည့် ရိုးရာ ရထား ဆွဲပွဲတော်ကို မောင်တောမြို့တွင် ၁၉၈၆-ခုနှစ် ပတ်ဝန်းကျင်မှ စတင်၍ နှစ်စဉ်နှစ်တိုင်း ပြန်လည် ကျင်းပ လာခဲ့ကြပြီး၊ မြို့တော်စစ်တွေတွင် ယမန်နှစ်မှ ပြန်လည် စတင် ကျင်းပလာခဲ့ကြခြင်း ဖြစ်သည်။

ယခုနှစ်တွင် မင်းပြားမြို့တွင်လည်း စတင် ကျင်းပတော့မည် ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် နိုင်ငံရေးနှင့် စီးပွါးရေး အကျပ်အတည်းများကြောင့် ပျောက်ကွယ် လုနီးပါး ဖြစ်နေရသည့် ရခိုင်တို့၏ ဓလေ့ရိုးရာ ရထားဆွဲပွဲကို မောင်တောမြို့ မြို့မိ မြို့ဖများက မပျောက်ပျက်အောင် ထိန်းသိမ်းလာရာမှ ယခုအခါ ရခိုင်ပြည် အနှံ့တွင် ပြန်လည် ကျင်းပ လာနိုင်ခြင်း ဖြစ်သည်ဟု မောင်တော ရထားဆွဲပွဲ ကျင်းပရေး ကော်မတီမှ အမည်မဖေါ်လိုသူ အဖွဲ့ဝင်တစ်ဦးက နိရဥ္စရာကို အောက်ပါအတိုင်း ပြောသည်။

“ကျွန်တော်တို့ မောင်တောမြို့မှာ ရထားဆွဲပွဲ ကျင်းပလာတာဟာ ခုဆိုရင် နှစ်ပေါင်း (၂၀)ကျော် လောက်ရှိပါပြီ။ ရခိုင်အမျိုးသားတို့ရဲ့ သမိုင်းအစဉ် အဆက်ဆက် ကျင်းပခဲ့ကြတဲ့ ချစ်စရာ ဓလေ့ရိုးရာ ပွဲတော်တစ်ခုလည်းဖြစ်ပါတယ်။ ခေတ်အဆက်ဆက် နိုင်ငံရေးအရ ဖိနှိပ်မှုတွေနဲ့ ဒေသတွင်း ဆိုးရွားနေတဲ့ စီးပွားရေး အကျပ်အတည်း တွေကြောင့် ရထား ပွဲတော်ကို ရခိုင်ပြည်သူတွေ မကျင်းပနိုင်ဘဲ ရှိနေခဲ့တာ အတော့်ကို ကြာနေပြီ ဖြစ်ပါတယ်။ ပျောက်ကွယ် လုနီး ဖြစ်နေတဲ့ ဒီလို ချစ်စရာကောင်းတဲ့ ရိုးရာ ပွဲတော်တစ်ခု မကွယ်ကောင်း မပျောက်ကောင်းလို့ ယူဆပီးတော့ မောင်တော မြို့မိ မြို့ဖတွေက ထိန်းသိမ်းစောင့်ရှောက်ပီး နှစ်စဉ်နှစ်တိုင်း ကျင်းပလာရာကနေ အခုအခါ တပြည်နယ်လုံးမှာ ပြန်လည် ကျင်းပ လာနိုင်ခဲ့တာ ဖြစ်ပါတယ်။”

ယခုနှစ်တွင် မောင်တောတွင် ရထားဆွဲပွဲနှင့်အတူ ရခိုင်ရိုးရာအကများနှင့် ကံစမ်းမဲ ဖွင့်ပွဲများကိုပါ စည်ကား သိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ပြီး၊ အနီးအနားရှိမြို့နယ်များ ဖြစ်ကြသည့် ဘူးသီးတောင်၊ ရသေ့တောင်များမှလည်း အဖွဲ့တစ်ချို့ဝင်ရောက် ယှဉ်ပြိုင် ကြမည်ဖြစ်ကြောင်း သူက ပြောသည်။

ရထားဆွဲပွဲတွင် အသင်း တသင်းတွင် အနည်းဆုံး လူ (၂၀)ခန့်ပါ၀င်ကြပြီး တစ်ဘက်နှင့် တစ်ဘက် အနိုင်အရှုံး အတွက် သုံးကြိမ် တိုင်တိုင် အားပြိုင်ဆွဲကြ ရသည်။ ရှေးယခင်က ဗိုလ်စွဲသည့် အဖွဲ့မှာ တပို့တွဲ လပြည့်နေ့ သန်းခေါင်မကျော်မီ ရထားယာဉ်ကို မီးရှိုးခွင့် ရရှိကြသည်။ ယခု မျက်မှောက်ခေတ်တွင် ရထား မီးရှို့ခွင့် အပြင် နောက်ဆုံးနေ့တွင် ရွှေဖလား၊ ငွေဖလား စသည့် ဆုများကိုလည်း ချီးမြှင့်လေ့ ရှိကြသည်။

ရထားပွဲတော်ကို ကုံရာသီ (ခေါ်) တပို့တွဲလတွင် ကျင်းပလေ့ရှိပြီး ရခိုင်ဘုရင်များလက်ထက် အမတ်ကြီး ဦးမြဝါ သေဆုံးပြီးနောက်ပိုင်း မှ စပြီး ပေါ်ပေါက်လာသည်ဟု သမိုင်းမှတ်တမ်း မှတ်ရာများ အရ သိရသည်။

ရထားကို ငွေကုန်ကြေးကျခံကာ ပန်းနွယ်ပန်းခက် သစ်ဝါး အညွှန့်အခက်များဖြင့် အလှတန်ဆာဆင်ကာ ပြုလုပ်ရပြီး သစ်သားဖြင့် အခိုင်အမာပြုလုပ်ထားသော ဘီးလေးလုံးပါ ရထားယာဉ်ငယ်ပေါ်တွင် တပ်ဆင်ကာ တစ်ဖက်နှင့် တစ်ဖက် အပြိုင်အဆိုင် လွန်ဆွဲကြသည့် ရထားဆွဲပွဲတော် ဖြစ်သည်။ ရခိုင်ရိုးရာ ရထားပွဲတော်သည် ဆယ့်နှစ်လရာသီ ပွဲတော်များအနက် ထင်ရှားသော ပွဲတော်တစ်ခုဖြစ်ပြီး နှစ်စဉ် နှစ်တိုင်း တပို့တွဲ လပြည့်မကျော်မီ ကျင်းပရသော ပွဲတော် တစ်ခုလည်း ဖြစ်သည်။

Most read this week