သိမ်းဆည်းခံရသည့် မြေဧက ၄၀၀၀ ကျော်အား နစ်နာကြေးတိုးပေးရန် တောင်းဆို

သိမ်းဆည်းခံရသည့် မြေဧက ၄၀၀၀ ကျော်အား နစ်နာကြေးတိုးပေးရန် တောင်းဆို
by -
ခွန်အောင်မြတ်
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းရှိ ပင်းပက် ဘိလပ်မြေစက်ရုံ တည်ဆောက်ရန် ကျေးရွာ သားများ၏ မြေယာ ဧက ၄၀၀၀ ကျော် သိမ်းယူသဖြင့် နစ်နာကြေးနှင့် အာမခံချက်များပေးရန် ကျေးရွာသားများက....

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းရှိ ပင်းပက် ဘိလပ်မြေစက်ရုံ တည်ဆောက်ရန် ကျေးရွာ သားများ၏ မြေယာ ဧက ၄၀၀၀ ကျော် သိမ်းယူသဖြင့် နစ်နာကြေးနှင့် အာမခံချက်များပေးရန် ကျေးရွာသားများက တောင်းဆိုနေကြသည်။

တောင်းကြီးမြို့နယ်အရှေ့ဘက်တွင် ကမ္ဘောဇဖွံ့ဖြို့တိုးတက်ရေး ကုမ္ပဏီက ပင်းပက် ဘိလပ်မြေစက်ရုံ တည် ဆောက်ရန်အတွက် ယမန်နှစ် နှစ်ဦးပိုင်းကတည်းက ယင်းဒေသ ၀န်းကျင်ရှိ ကျေးရွာသားများ၏ မြေယာများကို သိမ်းယူခြင်းဖြစ်သည််။

ယခု ကမ္ဘောဇကုမ္ပဏီက သိမ်းယူသည့် မြေယာများကို နစ်နာကြေး တစ်ဧကလျှင် ကျပ်ငွေရှစ်သောင်းပေးမည်ဟု ပြောဆိုသော်လည်း ကျေးရွာသားများက လက်မခံကြောင်း ဒေသခံနှင့် နီးစပ်သူတဦးက ပြောသည်။

“ဒါပေမယ့် ရွာသားတွေက အဲဒီ ရှစ်သောင်းနဲ့မကျေနပ်ဘူးပေါ့နော်။သူတို့က တစ်သိန်းသောင်းတယ် ။ သူတို့ ကျန်းမာရေးအတွက်ပေါ့နော၊ နောက်ဆက်တွဲတွေပေါ့။ အဲဒီစက်ရုံ ကြောင့် အဲဒီပရော ဂျက် ကြောင့်နောက်ဆက်တွဲဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေ ထိခိုက်လာလို့ရှိရင် အဲဒီကုမ္ပဏီကို တာဝန်ယူ  ပေးဖို့ အာမခံပေးဖို့ပေါ့နော ရွာသားတွေ သူတို့ အဲလိုမျိုး သူတို့တောင်းဆိုနေတယ်။ ဒါပေမယ့် အခု တော့ သူတို့သဘောတူညီချက်တော့ မရသေးဘူး။”

ဘိလပ်မြေစက်ရုံတည်ဆောက်ပြီးနောက်ပိုင်း နောက်ဆက်တွဲ ဆိုးကျိုးအများအပြား ရှိလာနိုင်သဖြင့် ကျေးရွာ သားများက အာမခံချက်တောင်းခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“အကယ်၍ သူတို့စက်ရုံတွေဆောက်ပြီး နောက် အညစ်အကြေးတွေ ထွက်လာတော့မယ်လေ။ သူတို့ မိုင်းတွေခွဲတော့မယ်၊ ကျောက်တွေ တူးတော့မယ်ဆိုရင်တော့ အဲဒီမှာ ထွက်လာမယ့် ရေထုညစ်ညမ်း မှုတွေ နောက် လေထုညစ်ညမ်းမှုတွေက ပတ်ဝန်းကျင်မှာ ရှိတဲ့ ရွာတွေကို ထိခိုက်လာတော့မယ်လေ။ အဲဒီလိုမျိုး အကယ်၍ ထိခိုက်လာပြီဆိုရင်၊ အဲဒီ စက်ရုံကြောင့်၊ အဲဒီ သတ္တုမိုင်းကြောင့် ဖြစ်လာမယ့် ကျန်းမာရေး ထိခိုက်မှုတွေကို အာမခံပေးဖို့ ရွာသားတွေက လိုချင်တာပေါ့နော်။”

ပင်းပက်စက်ရုံတည်ဆောက်မည့် နေရာသည် တောင်ကြီးမြို့နယ် ပင်ငို၊ နမ်းဆီး၊ နောင်လေ၊ နောင်လံ၊ ခြောက် မိုင် စသည့် ကျေးရွာများရှိပြီး ဘိလပ်မြေစက်ရုံနှင့် သတ္တုမိုင်း တူးဖော်မှုဆိုးကျိုးများကို ခံကြရမည်ဖြစ်သည်။

ယင်းသတင်းသည်မှန်ကန်ကြောင်း ရွာသားများ၏ တောင်းဆိုချက်ကို ကုမ္ပဏီက မည်သို့မျှမတုံ့ပြန်သေးဘဲ ဆက်လက် ညှိနှိုင်းနေဆဲ ဖြစ်သည်ဟု ပင်းပက် သံသတ္တုရိုင်း စက်ရုံနှင့်ပတ်သက်ပြီး အနာဂါတ်ကို လုယူဖျက် ဆီးခြင်း အစီရင်ခံစာကို ရေးသားခဲ့သည့် ပအိုဝ်းလူငယ်အစည်းအရုံး၏ အထွေထွေအတွင်းရေးမှူး ခွန်ချန်ကီက ပြောသည်။

“ရွာသားတွေက ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့တောင်းဆိုတာ ကုမ္ပဏီမလိုက်လျောဘူးဆိုရင် လည်း အဲဒီ ဥစ္စာကိုတော့ သူတို့ မလိုလားဘူးပေါ့နော်။ သတ္တုတွင်း စီမံကိန်းကို သူတို့ မလိုလားဘူးပေါ့။ အဲဒီမှာ လာလုပ်တာ သူတို့မလိုလားဘူးပေါ့။ နောက် သူတို့နယ်မြေလည်း သူတို့ ဆုံးရှုံးခံမှာ မဟုတ်ဘူးလို့ ကျနော်ထင်တာပေါ့။ သူတို့လည်း တခြားရွေးစရာ လမ်း မရှိဘူးလေ။ တခြားနေရာမှာ ပြောင်းရွေ့ ဖို့လည်း။ စိုက်ပျိုးရေးလုပ်ငန်းအတွေ့အကြံုက လွဲရင် သူတို့ဘာမှ မလုပ်တတ်ဘူးလေ။ ဒီနည်းလမ်း တခုကိုပဲ အသက်မွေးဝမ်းကြောင်း ဘဝ ကို ရပ်တည်နေရတာကိုး။ နောက်ဒီဥစ္စာ ဆုံးရှုံးပြီဆိုရင် တ ခြားသူတို့ရွေးစရာ လမ်းမရှိတော့ ဘူးလေ။”

ဟိုပုံးမြို့နယ်တောင်ဘက်တွင် မက္ကနီဆီယံ သတ္တုထွက်ရာ တရုတ်ပိုင်ဆိုင်သည့် အစ်အေးရှားပါ၀ါကုမ္ပဏီက ယင်း ဒေသရှိ ကျေးရွာသားများ၏ မြေဧက ၂၀၀ ကျော်အား သိမ်းဆည်းရာ ကျေးရွာသားများတောင်းဆိုမှုကြောင့် တဧကလျှင် ကျပ်ငွေ လေးသိန်းမှ ငါးသိန်းအထိ ပြန်ရကြသည်ဟု ဒေသခံများက ပြောသည်။

Most read this week