ဗန်းမော်မှဆန်များ တရုတ်ပြည်ပို့ခွင့် ပိတ်ထားသော်လည်း မြစ်ကြီးနားက တင်ပို့ခွင့်ရ

ဗန်းမော်မှဆန်များ တရုတ်ပြည်ပို့ခွင့် ပိတ်ထားသော်လည်း မြစ်ကြီးနားက တင်ပို့ခွင့်ရ
ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှ တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မှတဆင့် တရုတ်ပြည် အတွင်းသို့ ဆန်တင်ပို့ မှုများကို ဖမ်းဆီးနေသော်လည်း မြစ်ကြီးနား-လိုင်ဇာလမ်းမှတဆင့်...

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှ တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မှတဆင့် တရုတ်ပြည် အတွင်းသို့ ဆန်တင်ပို့ မှုများကို ဖမ်းဆီးနေသော်လည်း မြစ်ကြီးနား-လိုင်ဇာလမ်းမှတဆင့် ဆန်တင်ပို့ခွင့်ပြုထားသည်။

ဗန်းမော်မှ လွယ်ဂျယ်သို့ ဆန်တင်ပို့မှုကို အခုလလယ်ပိုင်းက ဗန်းမော်-လွယ်ဂျယ် လမ်းပေါ်ရှိ စိန်လုံ ကျေးရွာတွင် ဖမ်းဆီးမှုမှုများပြုလုပ်ပြီးနောက်ပိုင်း ဆန်များကို ဖမ်းဆီးနေသဖြင့် ဆန်တင်မပို့နိုင်သည့်အချိန်တွင် မြစ်ကြီးနား ဘက်မှ ဆန်ကားများ နေ့စဉ် လိုင်ဇာသို့ တင်ပို့နေသည်ဟု ဗန်းမော်ဒေသခံ ဆန်ကုန်သည် တဦးက ပြောသည်။

“ဒီဗန်းမော်ကတော့ ဆန်သယ်လို့ မရတော့ဘူးဗျာ။ မြစ်ကြီးနားကကျတော့ ဆယ်ဘီး၊ ဆယ့်နှစ်ဘီး ကားတွေ နေ့စဉ် သွားနေတာ။ ဆန်အိတ် သုံး-လေးထောင်လောက် သွားနေတာ။ မြစ်ကြီးနားကဆိုရင် လဂျားယန်နားမှာ စစ်တပ် စခန်းရှိတယ်။ အဲဒီစစ်တပ်က ဖြတ်ပြီး သွားလို့ရတယ်။ ကျနော်တို့ကျတော့ လွယ်ဂျယ်လမ်းက ဖမ်းနေတယ်၊ လိုင်ဇာဘက်ကျ တော့လည်း မုံလွှဲတံတားရဲဂိတ်က ဖြတ်ခွင့် မရှိဘူး။ ဘယ်လို မူဝါဒချမှတ်ထားသလဲဆိုတာ သဘော မပေါက်နိုင်ဘဲ ဖြစ်နေကြတယ်။” 

မြန်မာပြည်မှ ဆန်များကို တရုတ်ပြည်ဘက်တွင် အရက်နှင့် ခေါက်ဆွဲပြုလုပ်ရာတွင် လည်းကောင်း၊ တိရိစ္ဆာန် အစာ ပြုလုပ်ရာတွင်လည်းကောင်း အသုံးပြုရန်အတွက် ဝယ်ယူ နေကြခြင်းဖြစ်သည်။

ယခုလို လွယ်ဂျယ်လမ်းမှတဆင့် ဆန်များတင်ပို့ခွင့်မရသည့်အတွက် ကားသမားများနှင့် ဆန်ကုန်သည် များပါ လုပ်ငန်းရပ်နားထားရသဖြင့် မကျေမနပ်ဖြစ်နေကြသည်။

Most read this week