ဖိနပ်ချုပ်စက်ရုံ၌ဦးဆောင်ဆန္ဒပြ မြန်မာအလုပ်သမားလေးဦး အလုပ်ထုတ်ခံရ

ဖိနပ်ချုပ်စက်ရုံ၌ဦးဆောင်ဆန္ဒပြ မြန်မာအလုပ်သမားလေးဦး အလုပ်ထုတ်ခံရ
by -
ဇော်ကြီး
ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့တဖက်ကမ်း မယ်ဆိုင်မြို့ရှိ အိုဆာကာ ဖိနပ်ချုပ်စက်ရုံ တာဝန်ခံက ဦးဆောင် ဆန္ဒပြ မြန်မာအလုပ်သမားလေးဦးအား အလုပ်မှ....

ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့တဖက်ကမ်း မယ်ဆိုင်မြို့ရှိ အိုဆာကာ ဖိနပ်ချုပ်စက်ရုံ တာဝန်ခံက ဦးဆောင် ဆန္ဒပြ မြန်မာအလုပ်သမားလေးဦးအား အလုပ်မှ ထုတ်ပစ်လိုက်သည်။

ထိုင်းအစိုးရမှ တရားဝင်သတ်မှတ်ထားသည့် တနေ့လုပ်အားခငွေ ၁၅၇ ဘတ် မရသည့် အပြင် အလုပ်သမား များအား နှစ်စဉ်လုပ်သက်စာ တိုးပေးခဲ့ရာ ယခုနှစ် တိုးမပေးသည့် အတွက် အလုပ်သမားများက လွန်ခဲ့သည့် ၂၃ ရက်၊ စနေနေ့က ဆန္ဒပြခဲ့သည်။

ဆန္ဒပြမှုကို ဦးဆောင်ခဲ့သူလေးဦးအား ဒီဇင်ဘာလအတွက် လစာနှင့် နစ်နာကြေးမပေး သည့်အပြင် ယနေ့ နံနက် က အလုပ်မှထုတ်ပယ်လိုက်သည်ဟု ဦးဆောင်ခဲ့သူတစ်ဦး က ယခုလိုပြောသည်။

“အခုကတော့ ကျမတို့ခေါင်းဆောင်လေးယောက်ကို ထုတ်လိုက်ပြီအကိုရေ လက်ရှိအခြေ အနေအရ တော့။ နောက်ပြီးတော့ မနေ့က ၂၅ ရက်မို့လား။ လစာထုတ်ရမှာလေ။ အခု ကျမတို့ကို အဲဒီလစာ လည်း မပေးတော့ဘူး။ သုံးလစာလျော်ကြေးလည်းမပေးဘူး။”

ဆန္ဒပြသည့်နေ့က အလုပ်သမားများ အလုပ်မဆင်းသည့်အတွက် အလုပ်ရှင်ဖက်မှ နစ်နာ ဆုံးရှုံးရမှုအား ၎င်းတို့ လေးဦးက ပြန်လည်ပေးဆောင်ပါက  အလုပ်ရှင်က လစာနှင့်တကွနစ်ကြေးများကို ပြန်ပေးမည်ဆိုသည့် သဘော တူကြောင်း လက်မှတ်ထိုးခိုင်းသည် ဟု  ၎င်းကဆက်ပြောသည်။

“ဒီနေ့လစာလည်းလိုချင်တယ်၊ လျော်ကြေးသုံးလစာလည်း လိုချင်တယ်ဆိုလို့ရှိရင် စနေ့နေ့ ညနေခင်း က ကျမတို့က သူတို့ဆီကိုတောင်းဆိုတယ်လေ။ တောင်းဆိုပြီးတော့ ကျမတို့က အလုပ်မဆင်းပဲနဲ့ပြန် ခဲ့တယ်။ ပြန်ခဲ့တဲ့ခါကျတော့ အဲ့ဒီအတွက် သူတို့သူဌေးက နစ်နာတယ် ပေ့ါနော်။ အဲဒီတော့ တစ်သိန်း နဲ့ခြောက်သောင်းနစ်နာသွားတယ်ပေ့ါ။ အဲဒီတစ်သိန်းနဲ့ ခြောက်သောင်းကို လျော်ပေးလို့ရှိရင် အခုကျမ တို့ လက်ရှိရမယ့်လစာရယ်၊ နောက်ထပ် သုံးလစာရယ်ကို သူတို့က လျော်ကြေးပေးမယ်ပေ့ါ။ အခုကျမ တို့ကို လက်မှတ်ထိုးခိုင်းတယ်။”

၎င်းတို့လေးဦးအား အလုပ်မှထုတ်ပယ်လိုက်သော်လည်း ကျန်အလုပ်သမားများအား လစာ တိုးပေးလိုက်သည်ဟု ကြားရပြီး မည်မျှတိုးပေးသည်ကို မသိရဟု ဆက်ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အိုဆာကာဖိနပ်ချုပ်စက်ရုံသို့ တယ်လီဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပါ။ ယင်းကိစ္စနှင့်ပတ်သက်၍ ဦးဆောင်သူလေးဦးကိုအလုပ်မှထုတ်ပယ်ထားသော်လည်း နောက်ပိုင်းတွင်ဆန္ဒပြ အလုပ်သမားအားလုံးကို ထုတ်ပယ်မည်ဟုသတင်းရရှိကြောင်း အလုပ်သမားရေး ဆောင်ရွက်ပေးနေသည့် မက်ပ် ဖောင်ဒေးရှင်း မှ ကိုအေးက ပြောသည်။

ယင်းကိစ္စအား ၎င်းတို့အနေနှင့် နှစ်ဖက်ညှိနိုင်း၍ ပြေလည်မှုရစေရန်နှင့် ဥပဒေဘောင် အတွင်းမှ ဖြေရှင်းနိုင်ရန် ဆောင်ရွက်ပေးမည်ဟု ယခုလိုပြောသည်။
“လောလောဆယ်အခု ကျနော်တို့ လုပ်မှာကကျတော့ အရင်ဆုံး စာတင်မယ်။ စာတင်ပြီး တော့ အစိုးရ ရုံးတွေကိုပေးမယ်။ ဒီပြဿနာထဲကိုပေးဝင်မယ်။ ပေးဝင်ပြီးတော့ နှစ်ဖက်လုံးကို ဖြေရှင်းခိုင်းမယ်။ ဖြေ ရှင်းခိုင်းလို့ အလုပ်သမားတွေက သဘောတူလို့မရဘူး၊ အလုပ်သမားတွေက မကျေနပ်ဖူး၊ ဒါမှမဟုတ် ရင် လုပ်ငန်းရှင်က မကျေနပ်ဖူး ဆိုရင် သူ့ဥပဒေပြိုင်ဆိုင်ရတဲ့ အတိုင်းကို ဆက်သွားမှာပေ့ါ။”

ထိုစက်ရုံ၌ လူပေါင်း ၁၀၀ ကျော်အနက် မြန်မာအလုပ်သမား ရ၀ ကျော်ရှိပြီး ယာယီ နိုင်ငံကူး လက်မှတ်ပြု လုပ်ရန်လျှောက်ထားပြီးသူများဖြစ်သည်။

ယခုလ  ၂၀ ရက်နေ့က ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ရှိ ဟန်ထိုင်းသိုးမွေးစက်ရုံအား အလုပ်ရှင်မှ နစ်နာကြေး မပေးပဲ ယာယီပိတ်လိုက်သဖြင့် အလုပ်သမား ၁၅၀၀ ခန့် အလုပ် လက်မဲ့ဖြစ်ခဲ့ရသည်။

Most read this week