ရခိုင်တွင် စပါးစျေးချရန် စစ်တပ်မှ စပါး သယ်ယူမူကို တားမြစ်လိုက်ပြီ

ရခိုင်တွင် စပါးစျေးချရန် စစ်တပ်မှ စပါး သယ်ယူမူကို တားမြစ်လိုက်ပြီ
ရခိုင်ပြည်နယ်မှ ထွက်ရှိသော စပါးများကို စစ်တပ်မှ စျေးနှိမ်ပြီး ၀ယ်ယူလိုသဖြင့် ယခုအခါ ရခိုင်ပြည်နယ် အတွင်း ဆန်စပါး သယ်ယူခွင့်ကို ပိတ်ထားလိုက်ပြီ ဖြစ်သည်ဟု အမည်မဖေါ်လိုသူ...

ရခိုင်ပြည်နယ်မှ ထွက်ရှိသော စပါးများကို စစ်တပ်မှ စျေးနှိမ်ပြီး ၀ယ်ယူလိုသဖြင့် ယခုအခါ ရခိုင်ပြည်နယ် အတွင်း ဆန်စပါး သယ်ယူခွင့်ကို ပိတ်ထားလိုက်ပြီ ဖြစ်သည်ဟု အမည်မဖေါ်လိုသူ လယ်သမား တဦးက ပြောသည်။

“စပါးစျေးက နည်းနည်း တက်မလားလို့ ထင်မိပေမယ့် အခုတော့ စပါးစျေးက ပြန်ကျသွားပြီ။ တောင်းတရာကို ကိုးသောင်းနဲ့ တသိန်း အကြားထိ ကျသွားတယ်။ ခုလို ကျသွားတာက ရခိုင်လယ်သမားတွေ အနေနဲ့ စပါးတွေကို လွတ်လပ်စွာ ကိုယ်ကြိုက်တဲ့ နေရာမှာ ရောင်းချခွင့် မရတဲ့ အတွက် ဖြစ်ပါတယ်။ စစ်တပ်က ရွာကျော်ပြီး ရောင်းတာ၊ မြို့နယ်ကျော်ပြီး ရောင်းချတာကို တွေ့ရင် ဖမ်းတယ်။ ပိုက်ဆံ အဆမတန် တောင်းပါတယ်။” ဟု သူက ပြောသည်။

ယခုကဲ့သို့ ရခိုင်တွင် ဆန်စပါး သယ်ယူခွင့်ကို တားမြစ်ခြင်းမှာ နအဖ အစိုးရမှ တရားဝင် တားမြစ်ခြင်း မဟုတ်ဘဲ ဒေသခံ တပ်ရင်းများက တားမြစ်နေခြင်း ဖြစ်သည်။

“စစ်တပ်က တပ်မတော် ရိက္ခာအတွက် ခုနှစ် စပါး ရာသီမှာ ရခိုင်ပြည်နယ် (၁၀) မြို့နယ်က စပါးဝယ်ယူမှာ ဖြစ်ပါတယ်။ အဲသလို ၀ယ်ယူတဲ့ အခါ ခွင့်ပြုထားတဲ့ ငွေနဲ့ ၀ယ်ယူ ရရှိလာတဲ့ စပါးတင်း အရေအတွက် မကိုက်ဖြစ်ရင် သက်ဆိုင်ရာ စစ်တပ် အာဏာပိုင်တွေ အနေနဲ့ အရေးယူခံရမှာကို စိုးရိမ်ပြီး စပါးစျေးကို မကျရင် ကျအောင်ချဖို့ စီစဉ်နေပါတယ်။ ခုလို စီစဉ်နေတဲ့အတွက် ဆန်စပါး သယ်ယူခွင့်ကို ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

ယခုနှစ်တွင် ဒေသ ပေါက်စျေးအတိုင်း တပ်မတော် ရိက္ခာအတွက် စပါးများကို စစ်တပ်မှ ရခိုင်ပြည်နယ် ၁၀ မြို့နယ်မှ စတင် ၀ယ်ယူနေသည်။ စပါး ၀ယ်ယူနေသော မြို့နယ်များမှာ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဍားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ကျောက်ဖြူ၊ အမ်းနှင့် တောင်ကုတ်မြို့နယ်များ ဖြစ်သည်။

ရသေ့တောင်မြို့နယ်မှ လယ်သမား တဦးကလည်း “ ကျွန်တော်တို့ မြို့နယ်မှာ စပါးသယ်ယူတာကို မသယ်ယူရ ဆိုပီး တားမြစ်တာကိုတော့ တရားဝင် ထုတ်ပြန် ထားတာမရှိပါဘူး။ ဒါပေမယ့် ရသေ့တောင်မှာ တပ်စွဲထားတဲ့ ၅၃၆၊ ၅၃၇ နဲ့ ၅၃၈ တပ်ရင်းနဲ့ နေဗီ၊ ရဲစတဲ့ အဖွဲ့တွေက စပါးပိတ်ဆို့ရေး ကင်းစခန်းတွေကို ဖွင့်လှစ် ထားပြီး စပါးသယ်ယူလာတဲ့ စက်လှေနဲ့ သဗ္ဗာန်တွေဆီက မတရား ပိုက်ဆံကောက်ပါတယ်။

အဲသလို ကောက်တဲ့အတွက် အမြတ်မရှိဘူး။ ဒါကြောင့် စပါး ကုန်သည်တွေက စပါး ၀ယ်ယူ ရောင်းချရတာက အလုပ် မဖြစ်တဲ့အတွက် စပါးတွေကို မဝယ်ယူတော့ဘူး။ ဒါကြောင့် စပါးစျေးတွေကျပီး စပါးတွေ ၀ယ်ယူမယ့်သူ မရှိ ဖြစ်နေပါတယ်” ဟု ပြောသည်။

ယခုနှစ်တွင် ရခိုင်တွင် စပါး အထွက်ကောင်းခဲ့သော်လည်း ရခိုင်လယ်သမားများ အနေဖြင့် ဆန်စပါးကို လွတ်လပ်စွာ ရောင်းချခွင့်မရသဖြင့် စပါးစျေးမရဖြစ်နေကာ ကျေးရွာတိုင်းတွင် စပါးများ စုပုံနေသည်ဟု သူက ပြောသည်။

မြန်မာနိုင်ငံတွင် တံခါးဖွင့် စီးပွားရေး မူဝါဒကို ကျင့်သုံးနေကြောင်း နအဖ စစ်အစိုးရမှ တရားဝင် ကျေညာထားသော်လည်း ရခိုင်တောင်သူလယ်သမားများမှာ ယနေ့အချိန်ထိ ဆန်စပါးများကို လွတ်လပ်စွာ ရောင်းဝယ် ဖေါက်ကားခွင့် မရဘဲ ဖြစ်နေကြသဖြင့် အများစု ရခိုင်တောင်သူ လယ်သမားများမှာ ဆင်းရဲတွင်း သံသရာမှ မလွှတ်မြောက်နိုင်ဘဲ ဖြစ်နေကြရသည်ဟု အဆိုပါ လယ်သမားက ပြောကြားသွားသည်။

Most read this week