ဒေသခံ ဘင်္ဂလီ တဦး တိုက်ခိုက်မှုကြောင့် မြန်မာ ဒုက္ခသည် အမျိုးသမီး ဆေးရုံတင်ထားရ

ဒေသခံ ဘင်္ဂလီ တဦး တိုက်ခိုက်မှုကြောင့် မြန်မာ ဒုက္ခသည် အမျိုးသမီး ဆေးရုံတင်ထားရ
by -
မောင်အေး
ကုလ သမဂ္ဂ ဒုက္ခသည်များရေးရာ မဟာမင်းကြီးရုံးမှ အသိအမှတ် ပြုထားသော မြန်မာ ဒုက္ခသည် အမျိုးသမီးတဦး ဒေသခံဘင်္ဂလီ အမျိုးသားတဦး တိုက်ခိုက်သဖြင့် ယခုအခါ ကော့ဘဇားဆေးရုံတွင်...

ကုလ သမဂ္ဂ ဒုက္ခသည်များရေးရာ မဟာမင်းကြီးရုံးမှ အသိအမှတ် ပြုထားသော မြန်မာ ဒုက္ခသည် အမျိုးသမီးတဦး ဒေသခံဘင်္ဂလီ အမျိုးသားတဦး တိုက်ခိုက်သဖြင့် ယခုအခါ ကော့ဘဇားဆေးရုံတွင် တင်ထားရသည်ဟု သိရသည်။

အဆိုပါ တိုက်ခိုက်မူမှာ ယမန်နေ့ နံနက်က သူမနေထိုင်ရာ ကော့စ်ဘာဇားခရိုင် ရာမူး (ပင်းဝါ)မြို့နယ် ငရကြီးကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အတိုက်ခိုက် ခံရသည့် အမျိုးသမီးမှာ ဒေါ်လှကြာဇံ (၃၀) နှစ်ဖြစ်ပြီး လွန်ခဲ့သောလကမှ သမီးငယ် တဦးကို မွေးဖွားခဲ့သည့် အမျိုးသမီး တဦး ဖြစ်သည်။

အဆိုပါ အခင်း ဖြစ်ပွားမူနှင့် ပတ်သက်ပြီး ငရက်ကြီး ဆရာတော်မှ ယခုကဲ့သို့ ပြောသည်။

“ အခင်း ဖြစ်ပွားတာနဲ့ ပတ်သက်ပြီးတော့ ပတ်ဝန်းကျင်က အမျိုးမျိုး ပြောနေတာတွေတော့ ရှိပါတယ်။ ဒါပေမယ့် ဖြစ်တာက မနေ့က နံနက် (၁၀) နာရီလောက်မှာ သူ့ကလေးနဲ့ တခြားရွာက ကလေး ၂ ယောက် ထင်း ခုတ်သွားတယ်။ ကလေးတွေက အဲဒီ မူဆလင် အိမ်နားက ချချားပင်လေးကို ခုတ်လိုက်ကြတယ်။ အဲဒီ ဘင်္ဂလီ အမျိုးသားက သူ့အိမ်က အပင်ဆိုပြီး ကလေးတွေကို ရိုက်ပီးတော့ ဓါးတွေကိုလည်း သိမ်းထားလိုက်တယ်။ ကလေးက သူ့အမေကို ပြန်ပြောတော့ သူကဓါးကို သွားတောင်းတယ််။ စကားကလည်း ကောင်းကောင်း မပြောတတ်တော့ ပြသနာဖြစ်ပြီး အခုလို သစ်သားတုတ်နဲ့ အရိုက်ခံရတာ ဖြစ်ပါတယ်။ လက်လည်း ကျိုးသွားတယ်လို့ သိရပါတယ်။”

သူမ၏ လက်နှစ်ဘက်လုံး ကျိုးသွားပြီး ခြေထောက် ကျောနှင့် ခန္ဓာအနှံ့အပြားတွင် ဒဏ်ရာပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ဆေးရုံသို့ သွားရောက်ကြည့်ရှု ခဲ့သည့် ကိုဇော်လင်းက ယခုကဲ့သို့ပြောသည်။

“လက်နှစ်ဘက်လုံး ဒဏ်ရာပြင်းတယ် ကလေးကိုတောင် နို့ကောင်းကောင်း မတိုက်နိုင်ဘူး။ ခြေထောက်တွေ ဆိုလည်း ဖူးရောင်နေတယ်။ ဒဏ်ရာကတော့ သိပ်များတယ်။ ခန္ဓာအနှံ့ပါပဲ။”

အဆိုပါ အမျိုးသမီး၏ ယောကျင်္ားဖြစ်သူမှာ ခရီးလွန်နေသည့်အတွက် ယခုတိုင် အဆက်သွယ် မရသေးကြောင်းနှင့် သူမအား ယခုအခါ မြန်မာနိုင်ငံမှရောက် ရှိ နေကြသည့် ရခိုင်အမျိုးသား ဒုက္ခသည်များက ၀ိုင်းဝန်းကူညီနေကြကြောင်း သူကဆက်ပြောသည်။

ယခုကဲ့သို့ လက်ကျိုး ခြေကျိုးအောင်ထိ အရိုက်ခံရသော်လည်း ဒက္ကားမြို့ရှိ ကုလသမဂ္ဂ မဟာမင်းကြီးရုံး အပါအဝင် ဒေသသဆိုင်ရာ တာဝန်ရှိသူများမှ လုံးဝ အရေးမစိုက်ဘဲ ပစ်ပယ်ထားသည်ဟု သိရသည်။

ဒုက္ခသည် တဦးဖြစ်သူ ကိုခိုင်စိုးက “မနေ့ကတည်းက ကျွန်တော်တို့ ဒက္ကားမှာရှိတဲ့ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးကို အကြောင်းပါတယ်။ သူတို့က ဒီကော့ဘာဇားမှာ ရှိတဲ့ ရုံးကိုလွဲတယ်။ လွဲတဲ့ ရုံးကိုသွားပြီး ဆေးကုဖို့ အတွက် ကျွန်တော် တို့ အကူအညီ သွားတောင်းတော့ တာဝန်ကျ အမျိုးသမီး တဦး ပြောတာက မနေ့က ဆေးရုံ ကိုတင်တဲ့ အချိန်မှာ သူတို့ကို အကြောင်းမကြားခဲ့တဲ့အတွက် အပြစ်တင်ပါတယ်။

ပြီးတော့ သိပ်အရေး တစိုက် လုပ်ပေးတာလည်း မရှိပါဘူး။ နောက်ပြီး မနေ့က အဲဒီ လူနာကို ကော့ဘဇားကို ယူလာတဲ့ ကုန်ကျစရိတ်ကိုလည်း မပေးနိုင် ဘူးလို့ ပြောတယ်။ ကျွန်တော်တို့ကလည်း သူတို့ကို အကြောင်းကြားဖို့ အချိန်မရတဲ့ အပြင် သူတို့ကို အကြောင်းကြားနေရင် သူတို့ လာမှာကို စောင့်ရင်းနဲ့ နောက်ကျနိုင်တယ်။ လူနာအခြေအနေ ပိုဆိုးသွားနိုင်တယ် ပြောပေမယ့် လက်မခံချင်ဘူး။” ဟုပြောသည်။

မြန်မာနိုင်ငံမှ ရိုဟင်ဂျာ မဟုတ်သူ မြန်မာနိုင်ငံသားများကို ကုလသမဂ္ဂ မဟာမင်းကြီးရုံးမှ မြို့ပေါ် ဒုက္ခသည် အဖြစ်အသိအမှတ် ပြုထားသော်လည်း အများစုမှာ စားဝတ်နေရေး အဆင် မပြေသဖြင့် တောလက် ကျေးရွာများတွင် ကြံုသလို နေထိုင်ပြီး အသက်မွေး ၀မ်းကျောင်း ပြုကြရသည်။

သူတို့အား ယူအန်မှ ဒုက္ခသည် ကဒ်ပြား တခု ထုတ်ပေးထားပြီး ကျန်းမာရေးမှ အပ စားဝတ်နေရေးနှင့် နေထိုင်ရေးကို တာဝန်မယူဘဲ ပစ်ပယ်ထားသည်။ ကျန်းမာရေးကို တာဝန်ယူထားသဖြင့် သွားရောက် အကြောင်းကြားသော်လည်း တာဝန်ရှိသူများက ယခုကဲ့သို့ အရေးမစိုက် ပစ်ပယ်ထားသည်။ ထိုသို့ ပစ်ပယ်ထားသဖြင့် ဒက္ကားမြို့ရှိ ကုလသမဂ္ဂ မဟာမင်းကြီးရုံးနှင့် ပတ်သက်ပြီး လူမျိုးရေး ဘာသာရေး ခွဲခြား ဆက်ဆံမူများ ရှိနေကြောင်း မြန်မာ ဒုက္ခသည်များက ပြောဆိုဝေဖန်လျှက် ရှိသည်။

တိုက်ခိုက်ခံရသူ အမျိုးသမီးမှာ ယခင်က ကော့ဘာဇားမြို့တွင် အခန်းငှားပြီး နေထိုင် ခဲ့သော်လည်း နောက်ပိုင်းတွင် စားဝတ်နေရေး အခက်အခဲကြောင့် ယခုတိုက်ခိုက်ခံရသည့် ငရကြီးကျေး ရွာသို့ ပြောင်းရွေ့သွားသည်မှာ တပတ်ခန့်ရှိပြီဖြစ်ကြောင်း သိရှိရသည်။

Most read this week