ပုဂ္ဂလိကပိုင် မီးစက်များကို ပိတ်ခိုင်းသဖြင့် ကျောင်းသားထောင်ချီ၍ အခက်အခဲဖြစ်

ပုဂ္ဂလိကပိုင် မီးစက်များကို ပိတ်ခိုင်းသဖြင့် ကျောင်းသားထောင်ချီ၍ အခက်အခဲဖြစ်
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပုဂ္ဂလိက မီးပေးဝေနေသော မီးစက်များကို အထက် အာဏာပိုင်များက ပိတ်ခိုင်းလိုက်သဖြင့် စာမေးပွဲနီးနေသော ကျောင်းသားများ အနေဖြင့် ညအချိန် စာဖတ်ရာတွင် အထူး အခက်အခဲ ကျရောက် ဖြစ်ပေါ်နေရသည်ဟု အမည်မဖေါ်လိုသူ...

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပုဂ္ဂလိက မီးပေးဝေနေသော မီးစက်များကို အထက် အာဏာပိုင်များက ပိတ်ခိုင်းလိုက်သဖြင့် စာမေးပွဲနီးနေသော ကျောင်းသားများ အနေဖြင့် ညအချိန် စာဖတ်ရာတွင် အထူး အခက်အခဲ ကျရောက် ဖြစ်ပေါ်နေရသည်ဟု အမည်မဖေါ်လိုသူ ကျောင်းသားမိဖ တဦးက ပြောသည်။

“ခရိုင်ဥက္ကဌ ဦးအောင်ဆွေညွန့် အမိန့်နဲ့ ပုဂ္ဂလိက မီးစက်တွေကို ပိတ်ခိုင်းလိုက်တာ ဖြစ်ပါတယ်။ စာမေးပွဲ နီးနေချိန်မှ ခုလို လုပ်လိုက်တာကြောင့် မြို့ပေါ် နေထိုင်တဲ့ ကျောင်းသားတွေ ညအချိန် စာဖတ်တဲ့နေရာမှာတော်တော်ကို အခက်အခဲ ဖြစ်သွားပါတယ်။” ဟု သူက ပြောသည်။

ယခုကဲ့သို့ ပုဂ္ဂလိက မီးပေးနေမူကို ပိတ်ခိိုင်းလိုက်ခြင်းမှာ EPC ခေါ် လျှပ်စစ်ကော်ပိုရေးရှင်းက မီးပေးဝေနေမူကို ၂ နာရီခွဲကနေ ၄ နာရီထိ တိုးမြှင့် လိုက်ပြီ နောက်ပိုင်းတွင် ဖြစ်သည်ဟု သူက ဆက်ပြောသည်။

“ မောင်တောမြို့မှာ အခု မီးပေးချိန်ကို ညနေ ၆ နာရီက ၁၀ နာရီထိ တိုးလိုက်ပါတယ်။ အဲသလို တိုးလိုက်တဲ့အတွက် မောင်တောမြို့ပေါ်ရှိ အိမ်တွေအကုန်လုံးကို EPC ကပေးတဲ့ မီးကို ယူစေလိုတာကြောင့် ပုဂ္ဂလိက မီးပေးဝေနေတာတွေကို ရပ်ခိုင်းလိုက်တာ ဖြစ်ပါတယ်။”

မောင်တောမြို့တွင် သာမန် လက်လုပ်စားများ အနေဖြင့် EPC က ပေးသော မီးကို ယူလိုသော်လည်း စရိတ်စခ လွန်စွာကြီးမြှင့်မူကြောင့် မီးယူရန် အခက်ကြံုနေကြသည်။

“ EPC ကမီးကို ယူရင် မီတာအိုး တလုံးကို ကျပ် ၈၀၀၀၀ ပေးရပါတယ်။ တပ်ဆင်ခ၊ ကြိုးခ အပါအဝင် တခြားပေးတာ ကမ်းတာတွေနဲ့ ဆိုရင် ကျပ် တသိန်းခွဲလောက် ကုန်ပါတယ်။ တနေ့လုပ်မှ တနေ့စားရတဲ့ သူတွေ၊ တနေ့ရှာမှ ကျပ် တထောင်-နှစ်ထောင် ရတဲ့ သူတွေက ဒီလောက်စျေးကြီးပေးပြီး အစိုးရ မီးကို မသွင်းနိုင်ပါဘူး။ ဒါကြောင့် မီးမယူနိင်ဘဲ အခက်ကြံုနေကြရတာ ဖြစ်ပါတယ်။” ဟု သူက ဆက်ပြောသည်။

ယခုကဲ့သို့ EPC ကပေးသော မီးကို မယူနိုင်သူ မိသားစုမှာ မောင်တောမြို့တွင် သုံးပုံ ပုံ၍ နှစ်ပုံခန့်ရှိသည်ဟု သူက ပြောသည်။ ပုဂ္ဂလိကမှ ဖြန့်ဖြူးနေသော မီးကို ယူပါက မီးချောင်း တချောင်းကို ကျပ် ၃၅၀၀ သာပေးရသဖြင့် အများစုက ပုဂ္ဂလိက ဖြန့်ဖြူးပေးသော မီးကိုသာ လိုချင်နေကြသည်ဟု သိရသည်။

တက်ကနက်မြို့သို့ နေ့ချင်းပြန်သွားလာနေသူ ခရီးသည် အမျိုးသမီးက “ကျွန်မတို့က အစိုးရက ပေးတဲ့ မီးကို လိုချင်ပါတယ်။ ဒါပေမယ့် အလုပ်အကိုင် အဆင် မပြေတဲ့ကြားထဲ ငွေတသိန်းကျော်သွင်းရမယ်ဆိုရင် ဒါက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ပုဂ္ဂလိက မီးစက်တွေဆိုရင် မီတာအိုးလည်း မလိုဘူး။ တလဆိုရင် မီးချောင်း တချောင်းကို ၃၅၀၀ ကျပ်ပေးလိုက်ရင် ရပြီ။ ရှုတ်ရှုတ်ထွေး လုပ်စရာ မလိုသလို ပြေစာသွင်းဖို့ ရုံးကို သွားစရာလည်း မလိုပါဘူး။ ပြဿနာလည်း ဘာမှ မရှိဘူး။ မီတာအိုးစောင့်ရှောက်ခလလည်း ပေးစရာမလိုပါဘူး” ဟု ပြောသည်။

မောင်တောမြို့တွင် ထိုကဲ့သို့ ပုဂ္ဂလိက မီးပေးဝေနေမူကို ရပ်ခိုင်းလိုက်သော အချိန်မှာ ကျောင်းသားများ၏ စာမေးပွဲနှင့် နီးကပ်လာချိန် ဖြစ်သဖြင့် မိသားစု သုံးပုံ နှစ်ပုံ၏ သားသမီးများမှာ ညအချိန်တွင် ဖယောင်းတိုင် အလင်းကို အားကိုးပြီး စာဖတ်နေကြရသည်ဟု အဆိုပါ ကျောင်းသား မိဖက ပြောသွားခဲ့သည်။

Most read this week