ရခိုင်နွယ်ဖွား တောင်ပေါ်သား ကလေး ၃၃ ဦးကို လူမှောင်ခိုသမားများ လက်မှ ရဲတပ်ဖွဲ့ ကယ်တင်

ရခိုင်နွယ်ဖွား တောင်ပေါ်သား ကလေး ၃၃ ဦးကို လူမှောင်ခိုသမားများ လက်မှ ရဲတပ်ဖွဲ့ ကယ်တင်
by -
မောင်အေး
ဘင်္ဂလားဒေ့ချ်နိုင်ငံ စစ်တကောင်း တောင်တန်းနယ် ဘင်ဒရာဘင် (ရွာတော်) မြို့တွင် တောင်ပေါ်သား ကလေး ၃၃ ဦးကို လူကုန် ကူးသူများလက်ထဲမှ ရဲတပ်ဖွဲ့က ယမန်နေ့က...

ဘင်္ဂလားဒေ့ချ်နိုင်ငံ စစ်တကောင်း တောင်တန်းနယ် ဘင်ဒရာဘင် (ရွာတော်) မြို့တွင် တောင်ပေါ်သား ကလေး ၃၃ ဦးကို လူကုန် ကူးသူများလက်ထဲမှ ရဲတပ်ဖွဲ့က ယမန်နေ့က ကယ်တင် လိုက်သည်။

အဆိုပါ ကလေးများမှာ မြန်မာ နယ်စပ် အနီးရှိ ဘင်ဒရာဘင်ခရိုင် တန်းဆိတ်မြို့နယ် ဘော်လီပါရာမှ ရခိုင်- မာရမာ ကလေးများ ဖြစ်ကြောင်း သိရသည်။

ဘင်ဒရိုဘင်က ကလေး တဦး၏ ဦးလေးတော်သူ ဦးဇင်း တပါးက အဆိုပါ ကိစ္စအပေါ် ယခုကဲ့သို့ မိန့်ကြားသည်။

"ဦးဇင်းသိရ သလောက်ဆိုရင် လူမှောင်ခို သမားတွေက ကလေးတွေကို ဒက္ကာမြို့က ကျောင်းတကျောင်းမှာ ထားပေးမယ်ဆိုပြီး မိဘတွေဆီက တောင်းတယ်။ ကလေး တယောက် အတွက် တာကာ ၂၀၀ ပထမ ပေးရတယ်။ နောက်ထပ်ပြီး တကာ ၆၀၀ တောင်းတယ်။ နောက်ပြီး တာကာ ၁၀၀၀၀ ပေးရင် ကလေး တွေကို ၁၀ တန်းအောင်တဲ့ အထိ အဲဒီကျောင်းမှာ ထားပေးမယ်လို့ ပြောပီး ကလေးတွေကို ခေါ်ယူလာတာ။ မိဘတွေက ပိုက်ဆံပေးပြီး ကလေးတွေကို ရွာတော်မြို့ကို လိုက်ပို့ကြတော့ ရွာတော်ရောက်မှ ဆွေးမျိုးတွေ အကူအညီတွေနဲ့ စုံးစမ်းတဲ့အခါ ကလေးတွေကို လိမ်ခေါ် လာတယ်ဆိုတာ အကြောင်းစုံ သိကြရတယ်။ နောက်တော့ တယောက်စကား တယောက်နားဆိုသလိုနဲ့ နောက်တော့ ရဲတွေ ဆီ သတင်းရောက်သွားတော့ လူမှောင်ခိုသမားတွေကို လိုက်ဖမ်း အဲသလို အခြေအနေ ဖြစ်သွားတာ ဖြစ်ပါတယ်။"

အဆိုပါ ကလေးများကို ဒက္ကာမြို့ ဒါမောင်ဒီရှိ အာဒေါ့ချော မောဒီနာ ကျောင်းတွင် ကျောင်းထား ပေးမည်ဟု ဆိုပြီး မိဘများထံမှ ခေါ်ယူလာခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသည့် ဂေါရ်ဒေလ် ထရီပူရ (မြံု) အမျိုးသားက အာဏာပိုင်များကို ထွက်ဆိုသည်။

လူကုန်ကူးသူများဖြစ်သည့် ဂေါရ်ဒေလ် ထရီပူရ(မြံု) ၁၉ နှစ်၊ အာဘူလ် ဟူယာ့ချာ ၂၉ နှစ် နှင့် အာဘူကရိမ်တို့ကို ဘင်္ဂလာရဲက ဖမ်းဆီးထားပြီး တခြားတဦးမှာ ထွက်ပြေး လွတ်မြောက်သွားသည်။

ဘင်ဒရာဘင် မြို့တွင် ယမန်နှစ်ကလည်း ကလေးများကို ကျောင်းထားပေးမည်ဆိုပြီး မိဘများထံမှ ငွေလိမ်ယူမှုများ ရှိခဲ့ကြောင်း အဆိုပါ ဦးဇင်းမှဆက်ပြောသည်။

"ယမန်နှစ်ကလည်း ဒီလိုဖြစ်ခဲ့တယ်။ ကလေးတယောက်ကို ကျောင်းထားပေးမယ်ဆိုပြီး ကလေး တယောက်အတွက် တကာငွေ ၁၀၀၀ ကနေ ၂၀၀၀ ထိယူသွားတယ်။ နောက်ဆုံး အချိန်ကျတော့ ကလေးတွေကိုလည်း ကျောင်းလည်း မထာပေးနိုင် ငွေလည်း ပြန်မပေးတဲ့ အတွက် ကလေးမိဘ တွေစုပြီး ငွေယူသွားသူတွေကို ၀ိုင်းဖမ်ပြီးတော့ ရဲလက်ကို အပ်လိုက်ကြတယ်။ အဲသလို အဖြစ်အပျက်တွေလည်း ရှိပါတယ်။"

အဆိုပါ ကလေး ၃၃ ဦး အထဲမှ ၂၂ ဦးကို သက်ဆိုင်သူ မိဘဆွေမျိုးများက ယူဆောင်သွားခဲ့ပြီး ကျန် ၁၁ ဦးကို ရဲစခန်းတွင် ဆက်လက် ထိန်းသိမ်းထားသည်ဟု သိရသည်။

ဖမ်းဆီးရမိသူ မသမာသူ ၃ ဦးကို ဘင်ဒရာဘင် ရဲစခန်းတွင် ထိမ်းသိမ်းထားပြီး ကလေး လူကုန်ကူးမှုဖြင့် အရေးယူမည်ဖြစ်ကြောင်း ရဲအရာရှိ မိုဟာမတ် ဆိုင်းဖူလ်းက ပြောကြားသည်။

ဘင်္ဂလားဒေ့ချ်နိုင်ငံ စစ်တကောင်း တောင်တန်းနယ်ရှိ တောင်ပေါ်သား အများစုမှာ ငွေကြေး မတတ်နိုင်၍ သားသမီးများကို ပညာသင်ကြား မပေးနိုင်သည်ကို မသမာသာလူများက အခွင့် ကောင်းယူကာ ယခုကဲ့သို့ လိမ်လှည်မူများ ပြုလုပ်လေ့ရှိသည်ဟု သိရသည်။

Most read this week