နအဖ တပ်ကြပ်ကြီး တဦး အထက်အရာရှိနှင့် စကားများရာမှ မိမိကိုယ်ကို သတ်သေ

နအဖ တပ်ကြပ်ကြီး တဦး အထက်အရာရှိနှင့် စကားများရာမှ မိမိကိုယ်ကို သတ်သေ
by -
မင်းအောင်
မြန်မာနယ်စပ်တွင် လှုပ်ရှားနေသည့် စစ်ကြောင်း တကြောင်းမှ နအဖ စစ်သား တဦးသည် အထက် အရာရှိနှင့် စကား အချေအတင်များရာမှ နောက်ပိုင်းတွင် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည်...

မြန်မာနယ်စပ်တွင် လှုပ်ရှားနေသည့် စစ်ကြောင်း တကြောင်းမှ နအဖ စစ်သား တဦးသည် အထက် အရာရှိနှင့် စကား အချေအတင်များရာမှ နောက်ပိုင်းတွင် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည် ဒေသခံများက ပြောသည်။

မိမိကိုယ်ကို အဆုံးစီရင်သွားသူ နအဖ စစ်သားမှာ ရခိုင်ပြည်နယ် ဘူးသီးတောင် အခြေစိုက် ခမရ ၂၃၄ တပ်ရင်းမှ တပ်ကြပ်ကြီး ကျော်ကျော်ဦးဖြစ်သည်။

“သူနဲ့ တပ်ရင်းမှူးနဲ့ စကားများကြတယ်လို့သိရပါတယ်။ ဘာအကြောင့် စကားများ ကြတယ်ဆိုတာတော့ တိတိကျကျ မသိရပါဘူး။ တနင်္လာနေ့ ညဉ့်အချိန်မှာ သူကိုင်ဆောင်ထားတဲ့ သေနတ်နဲ့ သတ်သေသွားတာဖြစ်ပါတယ်” ဟု ချင်းလက်ဝ ကျေးရွာသား တဦးက ပြောသည်။

တပ်ကြပ်ကြီး ကျော်ကျော်ဦးသည် ချင်းပြည်နယ် ပလက်ဝ မြို့နယ် ချင်းလက်ဝ ကျေးရွာတွင် ရှေ့တန်း တာဝန်များကို ထမ်းဆောင် နေစဉ် မိမိကိုင်ဆောင်ထားသော သေနတ်ဖြင့် ယခုလ ၄ ရက်နေ့က သတ်သေသွားခဲ့သည်ဟု တခြား ဒေသခံများကလည်း အတည်ပြု ပြောကြားသည်။

တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်မောင်မောင် ဦးစီးသည့် ခလရ ၂၃၄ မှာ လွန်ခဲ့သည့် လအနည်းငယ် ကတည်းက အိန္ဒိယ- မြန်မာနယ်စပ်သို့ ရောက်ရှိလာခဲ့သည်ဟု ဒေသခံများက ပြောသည်။

တပ်ကြပ်ကြီး ကျော်ကျော်ဦးမှာ နောက်တန်းတွင် ဇနီးဖြစ်သူနှင့် သားသမီး ၃ ယောက် ကျန်ရစ်ခဲ့သည်။ ကျန်ရစ်သူ မိသားစုမှာ တပ်ကြပ်ကြီး ကျော်ကျော်ဦး၏ ပိုင်ရှန်းလစာကို ခံစားရမည် မဟုတ်ကြောင်း သိရှိရသည်။ အဘယ်ကြောင့်ဆိုသော် ကျော်ကျော်ဦးမှာ မိမိကိုယ်ကို သတ်သေသွား၍ ဖြစ်သည်ဟု စစ်တပ် သတင်းရပ်ကွက်အရ သိရသည်။

Most read this week