ကြက်သားစက်ရုံမှ မြန်မာအလုပ်သမား ၅၀၀၀ ခန့်ဆန္ဒပြ

ကြက်သားစက်ရုံမှ မြန်မာအလုပ်သမား ၅၀၀၀ ခန့်ဆန္ဒပြ
by -
ဇော်ကြီး။
ထိုင်းနိုင်ငံ၊ ရတ်ချ်ဘူရီခရိုင် စမုန်ဒေါ ရှိ SAHA FARM Co.Ltd (99) ကြက်သားစက်ရုံတွင် အလုပ်သမားအခွင့် အရေးချိုးဖောက်ခံရသဖြင့် ယနေ့နံနက်၌ မြန်မာအလုပ်သမား ၅၀၀၀ ခန့် အလုပ်မဆင်းပဲ...

ထိုင်းနိုင်ငံ၊ ရတ်ချ်ဘူရီခရိုင် စမုန်ဒေါ ရှိ SAHA FARM Co.Ltd (99) ကြက်သားစက်ရုံတွင် အလုပ်သမားအခွင့် အရေးချိုးဖောက်ခံရသဖြင့် ယနေ့နံနက်၌ မြန်မာအလုပ်သမား ၅၀၀၀ ခန့် အလုပ်မဆင်းပဲ ဆန္ဒပြခဲ့ကြသည်။
စက်ရုံမှူးနှင့် အလုပ်သမားခေါင်းဆောင်များက အလုပ်သမားအပေါ် အနိုင်ကျင့်မှု၊ အခွင့်အရေးချိုးဖောက်နေမှု များကို အလုပ်ရှင်မှ ဖြေရှင်းပေးနိုင်ရန် ဆန္ဒပြတောင်းဆိုကြသည်ဟု စက်ရုံလုပ်သား ကိုထွန်းထွန်းက ယခုလို ပြောသည်။  
“ဖိနှိပ်မှုတွေတအားများလွန်းတယ်။ ၀ဏ္ဏ(အလုပ်သမားခေါင်းဆောင်)တွေက အထဲမှာ ကြမ်းကြုပ်တဲ့ စကားတွေနဲ့ အတင်းဆဲဆိုပြီးခိုင်းတယ်။ အဲဒီဒဏ်တွေကို ကျနော်တို့ မြန်မာ ပြည်အလုပ်သမား လေး ထောင်ကျော် ငါးထောင်လောက်က မခံမရပ်နိုင်ဖြစ်နေကြတာ။ အဲတာနဲ့ ၁၈ ရက်နေ့ မှာ ဆန္ဒပြကြ မယ်ဆိုပြီး ဒီနေ့မှာကျတော့ တစ်ယောက်မှအလုပ် မဆင်းကြတော့ဘူး။ ဒါပေမယ့် အကြမ်းမဖက် အောင်တော့ ကျနော်တို့တတ်နိုင်သလောက် ထိန်းထားတယ်။”  
စက်ရုံရှိ အလုပ်သမားများသည် တနေ့အလုပ်ချိန် ၈နာရီထက်ပို၍လုပ်ရခြင်း၊အချိန်ပိုလုပ်အားခ(OT)ကို တိကျစွာ သတ်မှတ်ပေးမှုမရှိခြင်း၊ ကျန်းမာရေးအရ အနားယူခွင့် မရခြင်း၊ ရရှိသည့်လစာထဲမှ အကြောင်းအမျိုးမျိုးပြ၍ ဖြတ် တောက်ခံရခြင်း စသည့် အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံနေရသည်။
ထို့အပြင် အလုပ်ခေါင်းများမှ အလုပ်သမားများအပေါ် လူမျိုးရေးအရ ခွဲခြားဆက်ဆံမှု များရှိသလို အလုပ်သမား ထုအတွင်း တန်းတူညီမျှသည့်အခွင့်အရေး မရရှိဟု ကိုထွန်းထွန်း က ဆက်ပြောသည်။
“ရှမ်း(ထိုင်း)တွေကျတော့အလုပ်ချိန်က ၈နာရီပဲဆင်းရတယ်။ ကျနော်တို့ကိုကျတော့ အလုပ်ချိန်က ၁၁ နာရီခွဲလောက် ဖြစ်နေတယ်ပေ့ါနော်။ နောက်တချက်ကကျတော့ အလုပ်သမား ချင်းအတူတူ ရှမ်းတွေ ကိုကျတော့ လစာပိုပေးပြီးတော့ ကျနော်တို့ကိုကျတော့ ၄၅၀၀ ကနေစပေးတယ်။”
အလုပ်သမားများအနေနှင့် ဆုံးရှုံးနေရသည့် အခွင့်အရေးများမရမချင်း ဆက်လက်၍ ဆန္ဒပြတောင်းဆိုသွားမည် ဟု ဆန္ဒပြဦးဆောင်အဖွဲ့ဝင်တစ်ဦးက ယခုလိုပြောသည်။  
“ကျနော်တို့လိုချင်တဲ့ အခွင့်အရေးတွေ မပေးဘူးဆိုလို့ရှိရင် ကျနော်တို့ဖက်ကလည်း နောက်နေ့အထိ အလုပ်မဆင်းဖို့ ဆုံးဖြတ်ထားတယ်။”
နောက်ဆုံး သတင်းအခြေအနေကို စုံစမ်းသိရှိရသည်မှာ နေ့လည်ပိုင်း၌ အလုပ်ရှင် လာရောက်ညှိနိုင်းခဲ့ပြီး တနေ့ လျှင် အလုပ်ချိန် ၈ နာရီသတ်မှတ်ရန်၊ အချိန်ပိုလုပ်အားခ  တနာရီ ဘတ်(၃၀)ပေးရန်၊ အလုပ်သမား လက်မှတ်ရရှိပြီးသူများ လက်မှတ်ကိုင်ဆောင် ခွင့်ပြုရန်၊ အစိုးရအားလပ်ရက်များတွင် စက်ရုံပိတ်ပေးရန်၊ ယာယီ နိုင်ငံကူး လက်မှတ်အား နောက်ဆုံးအချိန်အထိစောင့်ပြီးလုပ်ခွင့်ပြုရန် စသည့် အလုပ်သမားတောင်းဆိုသည့် အ ချက်များကို စက်ရုံပိုင်ရှင် က သဘောတူခဲ့သည်။
ထို့အပြင် ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန်အတွက် အလုပ်ရှင်မှ အတင်းအကြပ် ဖိအားမပေးရန်နှင့် မဖြစ်မနေ လုပ်ရမည်ဆိုပါက လုပ်ကြမည်ဟု အလုပ်သမားများ ဖက်မှလည်း ဂတိပေးခဲ့ကြသည်။
ယင်းစက်ရုံနှင့် ကုမ္ပဏီတစ်ခုတည်း ဖြစ်သည့် ဘန်ကောက်မြို့အနီး လုဘူရီမြို့ပြင်ရှိ SAHA FARM Co.Ltd (88)စက်ရုံ၌ ယခုလ ၉ ရက်နေ့က အလုပ်ရှင်နှင့် အလုပ်သမားများကြား ယာယီပတ်စပို့စ်ပြုလုပ် သည့်ကိစ္စနှင့် ပတ်သက်၍ ပြဿနာဖြစ်ပွားခဲ့သေးသည်။   
အဆိုပါစက်ရုံသည် တနေ့လျှင် ကြက်အကောင်ရေ နှစ်သိန်းခွဲခန့်ကုန်ချောထုတ်လုပ်ကာ နိုင်ငံခြားသို့ တင်ပို့ လျှက်ရှိပြီး မြန်မာအလုပ်သမား ငါးထောင်ခန့်ရှိသည်။

Most read this week