ဒေသခံများ ပိုင်ဆိုင်သည့် လက်ယက်ရေနံတွင်းများ ဆက်လက် သိမ်းဆည်းခံနေရ

ဒေသခံများ ပိုင်ဆိုင်သည့် လက်ယက်ရေနံတွင်းများ ဆက်လက် သိမ်းဆည်းခံနေရ
by -
မောင်အေး
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ဒေသခံများ ပိုင်ဆိုင်သည့် လက်ယက် ရေနံတွင်းများကို အေးရှားဝေါလ် ကုမ္ပဏီနှင့် ဒေသ အာဏာပိုင်များက ပူးပေါင်းပြီး များမကြာမှီက သိမ်းယူခဲ့ကြောင်း...

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ဒေသခံများ ပိုင်ဆိုင်သည့် လက်ယက် ရေနံတွင်းများကို အေးရှားဝေါလ် ကုမ္ပဏီနှင့် ဒေသ အာဏာပိုင်များက ပူးပေါင်းပြီး များမကြာမှီက သိမ်းယူခဲ့ကြောင်း ဒေသခံ တဦးက ပြောသည်။

“ ယခု သိမ်းဆည်းခံရတဲ့ လက်ယက် ရေနံတွင်းက ၁၀၀ ကျော်ရှိပါတယ်။ ကျွန်တော်တို့ မာန်အောင်မြို့နယ် အတွင်းက လက်ယက်ရေနံတွင်းတွေ တူးဖေါ် လုပ်ကိုင် နေတဲ့ ဘုဒေါင်းကွဲရွာ၊ ငပကုန်း ရွာ၊ မင်းဆိပ်ပြင်ရွာ၊ အင်းစနဲရွာနဲ့ နဂါးကျေးရွာများမှ ရေနံတွင်းတွေ ဖြစ်ပါတယ်။ ဘိုးစဉ် ဘောင်ဆက် လုပ်ကိုင်လာတဲ့ လက်ယက် ရေနံတွင်းတွေ ဖြစ်ပါတယ်။ လျော်ကြေး ပေးတာ လုံးဝ မရှိပါ။”

ယခုကဲ့သို့ သတင်းရရှိပြီးနောက် နိရဥ္စရာမှ အဆိုပါ ရေနံတွင်းများကို သိမ်းပိုက်ခံရမူနှင့် ပတ်သက်ပြီး ဆက်လံ စုံစမ်းရာ အမည်မဖေါ်လိုသူ လက်ယက်ရေနံတွင်း လုပ်ကိုင်နေသူ တဦးက ယခုကဲ့သို့ ပြောသည်။

“ အခု ကျွန်တော်တို့ စာရင်း တင်ထားတဲ့ တွင်း အရေအတွက်ကတော့ ဘုဒေါင်းကွဲရွာက ၂၈ တွင်း၊ ငပကုန်းရွာက ၂၂ တွင်း၊ မင်းဆိပ်ပြင်ရွာက တွင်း ၃၀၊ အင်းစနဲ ရွာမှာ ၁၈ တွင်းနဲ့ နဂါးရွာက တွင်း ၂၀ အသိမ်းခံရပါတယ်။ တွင်းကိုသာမက ရေနံတူးနေတဲ့ နေရာတဝိုက်က မြေတွေကိုလည်း တခါတည်း သိမ်းတာပါဘဲ။”

၎င်းပြင်သူက လက်ယက် ရေနံတွင်းများကို သိမ်းပိုက်သည့် ရည်ရွယ်ချက်ကို သူက ယခုကဲ့သို့ ပြောသည်။

“သူတို့ ခုလို ရေနံတွင်းတွေကို သိမ်းတာက အေးရှားဝေါလ်က အဲဒီနေရာတွေမှာ ပထမ ရေနံတွေ ရှိမရှိကို စမ်းသပ်မယ်။ ရှိတယ်ဆိုရင် သူတို့က ရေနံတွေ တူးမယ်။ ဒါကြောင့် ဒေသခံတွေ လုပ်ကိုင်စားသောက်နေတဲ့ လက်ယက်တွင်းကို ခုလို သိမ်းပိုက်နေတာ ဖြစ်ပါတယ်။”

အဆိုပါ လက်ယက်ရေနံ တွင်းများကို ယခုလ ၁ ရက်နေ့က စတင်ပြီး မာန်အောင်မြို့နယ် မယက ဥက္ကဌ ဦး ညီညီလွင်ရဲ့ အမိန့်ဖြင့် မြို့နယ် မယက အတွင်းရေးမှူး အောင်ထင်လင်းနှင့် အေးရှားဝေါလ် ကုမ္ပဏီမှ တာဝန်ရှိသူတချို့ လာရောက် သိမ်းဆည်းခြင်း ဖြစ်သည်။

အေးရှားဝေါလ် ကုမ္ပဏီကို ဘိန်းဘုရင် လော်စစ်ဟန်သား ဦးထွန်းမြင့်နိုင် ပိုင်ဆိုင်ပြီး အဆိုပါ ကုမ္ပ္ပဏီသည် မြန်မာစစ်အစိုးရနှင့် အကျိုးတူပူးပေါင်းကာ ရခိုင်ပြည်နယ်တွင် သစ်လုပ်ငန်းများ အပါအဝင် တခြား စီးပွားရေး လုပ်ငန်း အများအပြားကို လုပ်ဆောင်နေသည့် ကုမ္ပဏီ တခု ဖြစ်သည်။

လွန်ခဲ့သည့် လကလည်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် ဒေသခံများပိုင်ဆိုင်သည့် ရေနံလက်ယက်တွင်း အများအပြားကို တရုတ်နိုင်ငံပိုင် China National Offshore oil company (CNOOC) ကုမ္ပဏီအတွက် အာဏာပိုင်များမှ သိမ်းဆည်းခဲ့သည်။

Most read this week