စစ်တွေတွင် ရေသွင်းခ စျေးကြီး၍ မြို့လူထု အခက်ကြံု

စစ်တွေတွင် ရေသွင်းခ စျေးကြီး၍ မြို့လူထု အခက်ကြံု
ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် အိမ်များသို့ ရေသွင်းယူရာတွင် စည်ပင်မှ ငွေကြေး မတန်တဆ ကောက်ခံသဖြင့် မြို့နေလူထုမှာ ရေရရှိရန် အခက်ကြံုနေကြရသည်ဟု သတင်း ရရှိ ...

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် အိမ်များသို့ ရေသွင်းယူရာတွင် စည်ပင်မှ ငွေကြေး မတန်တဆ ကောက်ခံသဖြင့် မြို့နေလူထုမှာ ရေရရှိရန် အခက်ကြံုနေကြရသည်ဟု သတင်း ရရှိသည်။

ကျေးပင်ကြီးရပ်ကွက်မှ အရပ်လူကြီး တဦးဖြစ်သူ ဦးကျော်မောင်က “ ရေသွင်းလိုတဲ့ အိမ်တွေ အနေနဲ့ လျှောက်လွှာပုံစံတရွက်ကို ၃၀၀၀ ကျပ်ပေးရပါတယ်။ လျှောက်လွှာကျရင် နောက်ထက်ကျပ် ၅၂၀၀၀ ကို စည်ပင်ကို ပေးသွင်းရပါတယ်။ အဲသလို ကျပ် ၅၂၀၀၀ သွင်းပေမယ့် စည်ပင်က ငွေလက်ခံံ ပြေစာကို ထုတ်မပေးပါ။ ဘယ်သူမှ မရပါ။” ဟု ပြောသည်။

ယခုကဲ့သို့ အိမ်များမှ ငွေကောက်ခံနေခြင်းမှာ ရေပိိုက်လုံး အသစ် တပ်ဆင်ပြီးနောက် ဖြစ်သည်။ ၎င်းပြင် ရေပိုက် အိမ်တရောက်သွယ်တန်းရန်နှင့် တပ်ဆင်ခ အတွက်လည်း ငွေထပ်မံပေးရသည်ဟု သူက ပြောသည်။

“ အိမ်ကိုလာပြီး ပိုက်သွယ်တန်းပေးတဲ့ စည်ပင်က အရာရှိနဲ့ လုပ်ခအတွက် ကျပ် ၁၅၀၀၀ နောက်ထပ်ပေးရပါတယ်။ ရေမီတာ အပါအဝင် အိမ်တအိမ်မှာ စည်ပင်ကပေးတဲ့ ရေရရှိရေး အတွက် အနည်းဆုံး ပိုက်ဆံ တစ်သိန်းကုန်ပါတယ်။”

ဆင်းရဲသောမိသားစုများမှာ အဆိုပါ ငွေကို ကုန်ကျ မခံနိုင်သဖြင့် သောက်ရေ သုံးရေ မရရှိဘဲ ဖြစ်နေကြရသည်ဟု တခြား ဘောက်သီးစု ရပ်ကွက်က အမျိုးသမီး တဦးကလည်း ပြောသည်။

“ အထူးသဖြင့်ရွာကြီးမြောက်၊ ဒိုးဝန်းရွာ၊ ဆင်ကူးလမ်း၊ ရွှေပြား၊ ကျောင်းတက်လမ်း၊ ဘောက်သီးစုက ဆင်းရဲတဲ့ မိသားစုတွေ အနေနဲ့ စည်ပင်က ရေကို သွင်းယူဖို့ ပိုက်ဆံ မတတ်နိုင်တဲ့အတွက် လမ်းမတွေပေါ်ကို ထွက်ပြီး ပိုက်လုံကြီးမှာ တပ်ဆင်ထားတဲ့ ရေခေါင်းက တဆင့် ရေတွေကို သယ်ယူကြရပါတယ်။ စည်ပင်က ရေပေးတာက စုစုပေါင်း နှစ်ကြိမ် ဖြစ်ပါတယ်။ မနက်တကြိမ်နဲ့ ညနေတကြိမ်ပါ။ ပေးတာက တကြိမ်မှာ ၁ နာရီဘဲ ပေးပါတယ်။ ရေလာသယ်တဲ့ လူက အများကြီးဆိုတော့ ရေကို လုံလောက်အောင် ရဖို့ ဆိုတာ မလွယ်နိုင်ပါဘူး။ ဒါကြောင့် စစ်တွေမှာ ဆင်းရဲတဲ့ မိသားစု ရေနဲ့ ပတ်သက်ပီး အထူး ဒုက္ခ ရောက်နေကြရပါတယ်။”

ရေရရန်မလွယ်ကူသဖြင့် စစ်တွေတွင် တချို့ရပ်ကွက်များတွင် အမျိုးသမီးများ အနေဖြင့် မနက် ၄ နာရီမှ ထပြီး ရေပိုက်ခေါင်းများမှ ရေကို တန်းစီ စောင့်ရသည်ဟု တခြား အမျိုးသား တဦးကလည်း ပြောသည်။

“ စစ်တွေက ရပ်ကွက် အတော်များများမှာ လူတွေက ရေနဲ့ ဒုက္ခရောက်နေကြရပါတယ်။ ခုလို ဒုက္ခ ဖြစ်နေတာက နှစ်တိုင်းလိုလိုပါ။ ဒါပေမယ့် ပိုဆိုးတာက အခု ပိုက်လုံး အသစ်တွေကို အစားထိုး တပ်ဆင်ပြီးတဲ့ နောက်ပိုင်းမှာ ပိုဆိုးလာပါတယ်။ လူထုတွေက ပိုက်လုံးတွေ အသစ်တပ်ဆင်တဲ့ အတွက် ၀မ်းသာလို့ မဆုံးခင် အိ်မ်တအိမ်ကို ရေလိုချင်ရင် ပိုက်ဆံ ၅၂၀၀၀ ကျော် သွင်းရမယ်ဆိုတော့ လူတွေက အခက်အခဲ ဖြစ်သွားကြရပါတယ်။”

စစ်တွေတွင် သက်ဆိုင်ရာ အုပ်ချုပ်သူများက ယခင် အင်္ဂလိပ်ခေတ်က တည်ဆောက်ပေးခဲ့သော ကန်တော်ကြီးမှ ရေပေးဝေနေသော ပိုက်လုံးများကို ဖြုတ်ပြီး ပိုက်လုံး အသစ်များကို တပ်ဆင်ပေးခဲ့သည်။

ယခုနှစ်တွင် ပိုက်လုံး အသစ် တပ်ဆင်မူမှာ ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။ ယင်းနောက်ပိုင်းတွင် ယခုကဲ့သို့ စည်ပင်မှ ငွေကောက်ခံသဖြင့် စစ်တွေ လူထုမှာ ရေရှိရေးနှင့် ပတ်သက်ပြီး အခက်ကြံုနေရခြင်း ဖြစ်သည်။

Most read this week