နေပြည်တော် အထူးတပ်ဖွဲ့မှ အခွန်အကောက်ကြမ်း၍ ဒေသလုပ်ငန်းရှင်များ ဒုက္ခရောက်

နေပြည်တော် အထူးတပ်ဖွဲ့မှ အခွန်အကောက်ကြမ်း၍ ဒေသလုပ်ငန်းရှင်များ ဒုက္ခရောက်
by -
မောင်အေး
ရခိုင်ပြည်နယ် သံတွဲနှင့် ဂွမြို့နယ်တို့တွင် နေပြည်တော် အထူးတပ်ဖွဲ့မှ သစ်လုပ်ငန်းရှင်များနှင့် ရေလုပ်ငန်းရှင်များထံမှ အခွန်များ လာရောက် ကောက်ခံနေသဖြင့် လုပ်ငန်းရှင်များ အထူး ဒုက္ခရောက်နေကြရ ...

ရခိုင်ပြည်နယ် သံတွဲနှင့် ဂွမြို့နယ်တို့တွင် နေပြည်တော် အထူးတပ်ဖွဲ့မှ သစ်လုပ်ငန်းရှင်များနှင့် ရေလုပ်ငန်းရှင်များထံမှ အခွန်များ လာရောက် ကောက်ခံနေသဖြင့် လုပ်ငန်းရှင်များ အထူး ဒုက္ခရောက်နေကြရသည်။

“ ယခုလ ၁ ရက်နေ့မှစပြီး လုပ်ငန်းအလိုက် အခွန်ငွေတွေကို နေပြည်တော် အထူးတပ်ဖွဲ့က လာရောက် ကောက်ခံနေပါတယ်။ နိုင်ငံတော် အတွက်လား ကိုယ်ကျိုး အတွက်လား ဆိုတာကိုတော့ ပြောဖို့ခက်ပါတယ်” ဟု ဒေသခံ စီးပွားရေး လုပ်ငန်းရှင် တဦးက ပြောသည်။

ယခုငွေကောက်ခံသည့် တပ်ဖွဲ့ကို ပြည်သူများက နေပြည်တော် အထူးတပ်ဖွဲ့ဟု လူသိများပြီး ပုသိမ်တွင် အခြေစိုက်သည့် အနောက်တောင်တိုင်းမှ ဗိုလ်မှူးချုပ်မျိုးသန့်က ဦးဆောင် သည်ဟု သိရသည်။ လက်အောက်ခံရုံးများကို ရခိုင်ပြည်နယ် တောင်ကုတ်မြို့နှင့် ဧရာဝတီတိုင်း ပုသိမ်တွင် ဖွင့်လှစ်ထားပြီး ရေလုပ်ငန်းရှင်များထံမှ အခွန်များ ကောက်ခံသည်ဟု ဆိုသည်။

ယခုလ ၁ ရက်နေ့က ဂွမြို့နယ် တိုင်ကျိုးကျေးရွာမှ သစ်လုပ်ငန်း ရှင်များနှင့် ရေလုပ်ငန်းများထံမှ ငွေကောက်ခံသွားခဲ့သည်ဟု ဒေသခံ တဦးက ယခုကဲ့သို့ပြောသည်။

“ကျွန်တော်တို့ရွာက သစ်ဆိုင်းတဆိုင်းကို ၁ သိန်း၊ ဘင်္ဂလာဘက်ကိုသွားတဲ့ မော်တော် ဘုတ်တစီးကို ၁ သိန်း ကျစီ ကောက်ခံသွားပါတယ်။ ငါးဖမ်းလှေ တွေကိုုကျတော့ အကြီး အငယ်အလိုက် ကျပ် ၃၀၀၀၀ ကနေ ၅၀၀၀ကျပ်အထိ ကောက်ပါတယ်။”

အဆိုပါ အဖွဲ့သည် ယခုလ ၃ ရက်နေ့ကလည်း သံတွဲမြို့နယ် ကင်းမော်ကျေးရွာ၊ ဂျိတ်တော ကျေးရွာနှင့် ဆင်ခေါင်းကျေးရွာရှိ လုပ်ငန်းရှင်များထံမှ သစ်ဆိုင်း တဆိုင်းကို ကျပ်ငွေ ၁ သိန်း၊ ငါးဖမ်းလှေ တစီးကို ကျပ် ၅၀၀၀၀ နှင့် ဘင်္ဂလာဒေချ့်ဘက် သို့ နွားတင်ပို့သည့် မော်တော် ဘုတ်တစီးကို ၁ သိန်းကျပ်နှုန်းဖြင့် ကောက်ခံသွားကြောင်း သိရသည်။

“သူတို့တောင်းတာမပေးရင် ငါးဖမ်းလှေတွေ ပင်လယ်မထွက်ရဘူး၊ သစ်သမားတွေ ဆိုလည်း လွှတောင် မကိုင်ရဘူးလို့ ပြောထားပါတယ်။ ရှိလို့ ပေးတာတော့ မဟုတ်ပါဘူး။ အလုပ်မရှိမှာကို ကြောက်လို့ပေးနေရတာ ဖြစ်ပါတယ်။ ငါးလုပ်ငန်း၊ သစ်လုပ်ငန်း တွေကလည်း အရင်နဲ့စာရင် အမြတ်နည်းလာပါတယ်။ ခုလို အခက်ကြံုနေရချိန်မှာ အခွန်ဆိုပြီး တခါ မပေးမနေရ ပေးနေရတော့ လူတွေက ပိုဒုက္ခ ဖြစ်လာကြတာပါဘဲ” ဟု သူက ဆက်ပြောသည်။

ယခု အခွန်ငွေ ကောက်ခံနေသည့် ဗိုလ်မှူးချုပ် မျိုးသန့်တို့အဖွဲ့သည် ရခိုင်ပြည်နယ် ကျေးလက်နေရာ အနှံ့အပြားသို့ သွားရောက်ပြီး စက်လှေ၊ သစ်စက်နှင့် ငါးလုပ်ငန်းရှင်များထံမှ အခွန်များ ကောက်ခံနေပြီး နိုဝင်္ဘာလ ၁၀ ရက် နေ့ကလည်း ကျောက်ဖြူမြို့နယ်အတွင်း ဒေသခံများ ပိုင်ဆိုင်သည့် လက်ယက်ရေနံ တွင်းများကို တရုတ် ရေနံကုမ္ပဏီတခု အတွက် သိမ်းဆည်းသွားခဲ့သည်ဟု သိရသည်။

Most read this week